အမ်း ဖေဖော်ဝါရီ ၁၀
ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့နယ် လုံးကောက်အုပ်စုပြောင်းချောင်းကျေးရွာတွင် ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီဌာနမှ ကျေးရွာဖွံ့ဖြိုးရေး စီမံကိန်း (VDP)ထောက်ပံ့ရန်ပုံငွေနှင့် ပြည်သူထည့်ဝင်ငွေဖြင့် ဆောက်လုပ်သည့် ဘက်စုံသုံးခန်းမ ဖွင့်ပွဲကို ယမန်နေ့နံနက် ၉ နာရီ အချိန်တွင် ကျင်းပခဲ့သည်။
အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး စိုးမြင့်က အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီဌာနမှ မြို့နယ်ဦးစီးမှူး ဦးနိုင်လင်းထွန်းကကျေးရွာ ဖွံ့ဖြိုးရေးစီမံကိန်း (VDP) ထောက်ပံ့ရန်ပုံငွေဖြင့် ဆောင်ရွက်ခဲ့သည့် ဘက်စုံသုံးခန်းမဆောင်ရွက်မှုနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ ကျေးရွာသူ/ကျေးရွာသားများကိုယ်စား ရပ်မိရပ်ဖ တစ်ဦးက ကျေးဇူးတင်စကား ပြောကြားခဲ့သည်။
ထို့နောက် ပြောင်းချောင်းကျေးရွာဘက်စုံသုံးခန်းမအား ခရိုင်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြသည်။
အဆိုပါ ပြောင်းချောင်းကျေးရွာဘက်စုံသုံးခန်းမကို ၂၀၂၂ - ၂၀၂၃ ခု၊ ဘဏ္ဍာရေးနှစ် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) ရန်ပုံငွေ ကျပ်(၁၀.၀၀) သန်း၊ ပြည်သူထည့်ဝင်ငွေ ကျပ်(၄.၅၆၅) သန်းဖြင့် (၂၄ ပေ၊ ၅၄ ပေ၊ ၁၂ ပေ)ရှိ ဘက်စုံသုံးခန်းမအား ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။
စိုးမင်းထွန်း