ပေါက်တော ဖေဖော်ဝါရီ ၁၀
ရခိုင်ပြည်နယ် ပေါက်တောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းကို ယမန်နေ့ မွန်းလွဲ ၂ နာရီက ပေါက်တောမြို့နယ် သဝင်ချောင်းကျေးရွာ အထကကျောင်းရှိ စုပေါင်းခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ ပေါက်တောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးဝင်းမင်းစိုးနှင့် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမြမင်းထွန်း တို့က အဖွင့်အမှာစကား အသီးသီးပြောကြားကြသည်။
ဆက်လက်၍ လူငယ်စကားဝိုင်းအား စတင်ရာ ဦးဆောင်ဆွေးနွေးသူအဖြစ် ပေါက်တောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးဝင်းမင်းစိုးက ဦးဆောင်ဆွေးနွေးကာ Grade -8 မှ ကျောင်းသူ မအေးအေးစိုးက လူငယ်နဲ့ရည်မှန်းချက်၊ Grade-8 မှ ကျောင်းသူ မဖြိုးလေးဝေက လူငယ်နဲ့စာရိတ္တ၊ Grade- 8 မှ ကျောင်းသား မောင်နေဇင်ငြိမ်းက လူငယ်နဲ့ ကြီးပွားရေး၊ Grade-8မှ ကျောင်းသားမောင်ကျော်ငြိမ်းစံက လူငယ်နဲ့အားကစား အစရှိသည့် ခေါင်းစဉ်ပါ အကြောင်းအရာများကို ဆွေးနွေးကြသည်။
ထို့နောက် တက်ရောက်လာကြသည့် ကျောင်းသား၊ကျောင်းသူများက မိမိတို့သိရှိလိုသည်များကို မေးမြန်းဆွေးနွေးကြရာ သက်ဆိုင်ရာ ခေါင်းစဉ်အလိုက် ဦးဆောင်ဆွေးနွေးသူ ကျောင်းသား ကျောင်းသူလေးဦးက ပြန်လည်ဖြေကြားခြင်းဖြင့် အပြန်အလှန်ဆွေးနွေးကြသည်။ အဆိုပါ လူငယ်စကားဝိုင်း ဆွေးနွေးပွဲသို့ ပေါက်တောမြို့နယ်ရှိ အထက(သဝင်ချောင်း)ကျောင်းမှ ကြီးကြပ်ဆရာမများ၊ ကျောင်းသား ကျောင်းသူများ ၁၀၀ ဦးခန့် တက်ရောက်ကြသည်။
ထို့ပြင် ခန်းမအတွင်း ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော အသိပညာပေး နံရံကပ်စာစောင်တို့ကို ကြည့်ရှုကြကြောင်း သိရသည်။
ဝင်းမင်းစိုး (ပြန်/ ဆက်)