စစ်တွေခရိုင် လုထုအခြေပြုဗဟိုဌာန၌ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အကြို အထိမ်းအမှတ် အသိပညာပေး Talk Show ဆွေးနွေးပွဲ ပြုလုပ်

စစ်တွေ ဖေဖော်ဝါရီလ ၁၀

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြည်သူဗဟိုပြုပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းဖြစ်သော Talk Show ဆွေးနွေးပွဲများ ပြုလုပ်ပေးလျက်ရှိရာ ယနေ့နေ့လည်(၁၄၀၀)ချိန်က၊ Book Club အဖွဲ့ဝင် သတင်းစာဆရာကြီး ကျွန်းသားငမန်းနှင့် ပူးပေါင်း၍ လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမ၌ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အကြို အထိမ်းအမှတ် အသိပညာပေး Talk Show ဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ ဆွေးနွေးပွဲတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒေါ်ခင်ယုယုနွယ် (လက်ထောက်ညွှန်ကြားရေးမှူး)က ၁၉၄၇ခုနှစ် ဖေဖော်ဝါရီ(၁၂) ရက်နေ့သည် တိုင်းရင်းသားညီနောင်များဖြစ်ကြသည့် ကချင်၊ကယား၊ကရင်၊ချင်း၊မွန်၊ဗမာ၊ရခိုင်၊ရှမ်းစသည့် တိုင်းရင်းသားများရဲ့ စည်းလုံးညီညွတ်မှုအခြေပြုပြီး ဖွဲ့စည်းတည်ထောင်တဲ့ နေ့တစ်နေ့ပင်ဖြစ်ကြောင်း၊ မမေ့သင့်သောနေ့တစ်နေ့ဖြစ်ကြောင်း စသည်ဖြင့် ဆွေးနွေးခဲ့သည်။

ဆက်လက်၍ သတင်းစာဆရာကြီး ကျွန်းသားငမန်းက ပြည်ထောင်စုနေ့ ဖြစ်ပေါ်လာပုံများ၊ ပင်လုံညီလာခံပေါ်ပေါက်လာရသည့် နောက်ခံသမိုင်း၊ ပြည်ထောင်စုစိတ်ဓာတ် ရှင်သန်ထက်မြက်ရေး၊ ပင်လုံသဘောတူညီချက် လက်မှတ်ရေးထိုးသူ ၂၃ ဦး၏ အတ္ထုပ္ပတ္တိများ၊ ဖဆပလ၏ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးအတွက် စည်းရုံးလှုပ်ရှားမှုနှင့် တောင်တန်းဒေသများ၏ သဘောထား အကြောင်းအရာများကို ကျယ်ကျယ်ပြန့်ပြန့် ရှင်းလင်းဆွေးနွေးပေးခဲ့သည်။

အဆိုပါ ဆွေးနွေးပွဲ Talk Show များကို စစ်တွေခရိုင်မှ အထိမ်းအမှတ်နေ့များအလိုက် လစဉ် ဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် သိရသည်။

ဇူလိုင်ကြယ်(ပြန်/ဆက်)