ကျောက်ဖြူခရိုင် Community Centre  ခန်းမတွင် လူငယ်နှင့်အားကစား အသိပညာပေး ဆွေးနွေးပွဲ(Talk Show) ပြုလုပ်

ကျောက်ဖြူ   ဖေဖော်ဝါရီ  ၉

ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမတွင် ယနေ့နံနက် ၁၀ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာနနှင့် အားကစားနှင့် ကာယပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်နှင့်အားကစား အသိပညာပေး ဆွေးနွေးပွဲ Talk Show ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ‌ဒေါ်ချစ်ချစ်သန်းက အသိပညာပေးဆွေးနွေးပွဲ (Talk Show) ကျင်းပရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး ကျောက်ဖြူခရိုင် အားကစားနှင့်ကာယပညာဦးစီးဌာနမှ လက် ထောက်ညွှန်ကြားရေးမှူး ဒေါ်ဖြူဖြူဝေက အားကစားဆိုသည်မှာ ဉာဏ်ရည်နှင့် ခွန်အားကို အသုံးပြု၍ ယှဉ်ပြိုင်ရသည့်အရာဖြစ်ကြောင်း၊ အားကစားပြုလုပ်ခြင်းဖြင့် လူငယ်၊ လူရွယ်များသည် ကျန်းမာကြံ့ခိုင်လာပြီး မူးယစ်ဆေးဝါးသုံးစွဲမှုလျော့နည်းလာမည်ဖြစ်ကာ ဆီးချို၊ နှလုံး၊ သွေးတိုးရောဂါရှိသူများမှာလည်း ပုံမှန်သွေးလည်ပတ်မှု ကောင်းမွန်လာသဖြင့် ရောဂါများမှာလည်းသက်သာပျောက်ကင်းသည်အထိရှိကြောင်း၊ မိမိတို့ အားကစားနှင့်ကာယပညာဦးစီးဌာနအနေဖြင့် လူငယ်လူရွယ်များအား ထူးချွန်ထက်မြက်သည့် အားကစားသမားကောင်းများ ဖြစ်လာစေရန်ရည် ရွယ်၍ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် ရခိုင်ပြည်နယ်၊ စစ်တွေမြို့၌ အားကစားနှင့်ကာယပညာသိပ္ပံ(စစ်တွေ)ကို ဖွင့်လှစ်သွားမည်ဖြစ်ပြီး  အားကစားကို ဝါသနာပါကာ သတ်မှတ်အရည်အချင်းနှင့်ကိုက်ညီသည့်ကျောင်းသား၊ ကျောင်းသူများကို အားက စားနှင့်ကာယပညာသိပ္ပံ(စစ်တွေ)တွင် တက်ရောက်ရန်အတွက် စိစစ်ရွေးချယ်သွား မည်ဖြစ်ကြောင်း စသည့် အသိပညာပေးများ ဆွေးနွေးပြောကြားသည်။

ကျောက်ဖြူခရိုင် ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ အသိပညာ ဗဟုသုတတိုးပွားစေ‌ရေးအတွက် အွန်လိုင်းမှတဆင့် ယခုလိုအသိပညာပေးဆွေးနွေးပွဲ (Talk Show) များပြုလုပ်ခြင်း၊ ရုံးစာကြည့်တိုက်များတွင် စာအုပ်၊ စာပေများ အခမဲ့ငှားရမ်းပေးခြင်း ကလေးများဉာဏ်ရည်၊ဉာဏ်သွေးဖွံ့ဖြိုးလာစေရန်အတွက် ကဗျာရွတ်ဆိုခြင်း၊ ပုံပြင်ပြောခြင်း အစီအစဉ်များ ရိုက်ကူးထုတ်လွှင့်ပြသပေးခြင်း စသည့်အသိပညာပေး အစီအစဉ်များအား Face Book Page မှတစ်ဆင့် ဝန်ဆောင်မှုပေးလျှက်ရှိကြောင်း သိရသည်။

တင်ထွန်းဦး၊ ဖြိုးဝေလင်း