ရမ်းဗြဲ ဖေဖော်ဝါရီ ၉
(၇၆)နှစ်မြောက် ပြည်ထောင့်စုနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ကျောက်ဖြူခရိုင်၊ ရမ်းဗြဲမြို့ နယ်လက်ပန် ကျေးရွာအုပ်စု၊ လက်ပန်အဝကျေးရွာ၌ ရေမီတာစနစ်ဖြင့် အိမ်တိုင်ရာရောက်ရေပေးရေးဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျင်းပခဲ့ကြောင်းသိရသည်။
ရှေ့ဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ကျေးလက်ဦးစီးမှူး ဦးအောင်ထွန်းက ကျေးလက်ရေပေးရေးဆောင်ရွက်ပေးနိုင်ခဲ့မှုများကို ရှင်းလင်းတင်ပြကာ ကျေးရွာရေပေးရေးကော်မတီဝင်တစ်ဦးမှ ကျေးဇူးတင်စကားပြောကြားသည်။ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ဦးခင်မောင်သန်း၊ အတွင်းရေးမှူး ရဲမှူးဘရွှေနှင့် မြိုနယ်ကျေးလက် ဦးစီးမှူး ဦးအောင်ထွန်းတို့က အိမ်တိုင်ရာရောက် ကျေးလက်ရေပေးရေးမုခ်ဦးအား ဖဲကြိုးဖြတ်ဖွင့် လှစ်ပေးကြသည်။
ယခုဖွင့်လှစ်သော လက်ပန်အဝကျေးရွာ ရေမီတာစနစ်ဖြင့် အိမ်တိုင်ရာရောက်ရေပေးရေး လုပ်ငန်းကို ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ပြည်ထောင်စု ရန်ပုံငွေ ၅၉ ဒသမ ၉၀၂ ကျပ်သန်းဖြင့် မြို့နယ်ကျေးလက်ဦးစီးဌာနကြီးကြပ်မှုဖြင့် ရမ္မာထူးကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်ခဲ့သော လုပ်ငန်းဖြစ်သည်။
အဆိုပါကျေးရွာတွင် ရေမီတာစနစ်ကိုအသုံးပြုပြီး ရေပေးရေးလုပ်ငန်းဆောင်ရွက်ပေးခဲ့မှုကြောင်း ကျေးရွာအတွင်းရှိ အိမ်ခြေ (၂၀၃)အိမ်၊ လူဦးရေ(၉၂၆)ဦးတို့မှာ ရေကိုအလေအလွင့်မရှိဘဲ စနစ်တကျ အကျိုးရှိစွာဖြင့် ယခုနှစ်နွေရာသီမှစပြီး လုံလောက်စွာဖြင့် အသုံးပြနိုင်ကြမည်ဖြစ် ကြောင်း သိရသည်။
တင်ထွန်း(ပြန်/ဆက်)