သံတွဲခရိုင်လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အကြို မူလတန်းအဆင့် ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် ဆေးရောင်ခြယ်ပြိုင်ပွဲကျင်းပ

သံတွဲ ဖေဖော်ဝါရီ ၉

သံတွဲခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အကြို မူလတန်းအဆင့် ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် ဆေးရောင်ခြယ်ပြိုင်ပွဲကို ယမန်နေ့မွန်းလွဲ ၁ နာရီအချိန်ကကျင်းပရာ သံတွဲခရိုင်လူထုအခြေပြုဗဟိုဌာန (Community Centre) ဘက်စုံသုံးခန်းမ၌ ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ သံတွဲခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန္ဒာကြည်က ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် ဆေးရောင်ခြယ်ပြိုင်ပွဲများကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။ ထို့နောက် ကဗျာရွတ်ဆိုပြိုင်ပွဲကို ကျင်းပပြုလုပ်ရာ အ.မ.က(ဒွါရာဝတီ)မူလွန်ကျောင်းနှင့် အ.မ.က(၁)မူလွန်ကျောင်းတို့မှ မူလတန်း ကျောင်းသား ကျောင်းသူ(၁၅)ဦးက နေထိုင်ရေးမင်္ဂလာကဗျာ၊ ပေါင်းသင်းဆက်ဆံရေးမင်္ဂလာကဗျာများအား မဲနိုက်၍ယှဉ်ပြိုင်ခဲ့ကြသည်။ ဆက်လက်၍ ဆေးရောင်ခြယ်ပြိုင်ပွဲကိုကျင်းပရာ အဆိုပါကျောင်းများမှ မူလတန်းကျောင်းသား ကျောင်းသူ (၁၅)ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။

ပြိုင်ပွဲများအပြီးတွင် လက်ထောက်ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများက ပြိုင်ပွဲဝင် ကျောင်းသား၊ ကျောင်းသူ(၃၀)ဦးအား အမှတ်တရလက်ဆောင်ပစ္စည်းများအား ပြိုင်ပွဲဝင်လက်ဆောင်အဖြစ် ချီးမြှင့်ပေးခဲ့ကြသည်။

အဆိုပါ ပြိုင်ပွဲများကျင်းပရခြင်းမှာ ကလေးများအသိပညာဗဟုသုတဖွံ့ဖြိုးတိုးတက်စေရေး၊ ကာယ၊ ဉာဏ ဖွံ့ဖြိုးတိုးတက်စေရေး၊ စာကြည့်တိုက်နှင့်ရင်းနှီးမှုရရှိစေပြီး စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရရှိစေရန်ရည်ရွယ်၍ ကျင်းပပြုလုပ်ပေးခြင်းဖြစ်သည်။ ထို့အပြင် ပြန်ကြားရေးနှင့်ပြည့်သူ့ဆက်ဆံရေးဦးစီးဌာန၊ သံတွဲခရိုင်ရုံးအနေဖြင့် ပြည်သူများ အသိပညာဗဟုသုတရရှိစေရန်ရည်ရွယ်၍ Talk Show များ၊ အသိပညာပေးဟောပြောပွဲများကို လစဉ်ဆောင်ရွက်ပေးလျက်ရှိပါသည်။

ခရိုင် (ပြန်/ဆက်)