မောင်တော ဖေဖော်ဝါရီ ၉
ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ ၂၀၂၃ ခုနှစ်၊ ဇွန် ၂၆ ရက်နေ့တွင်ကျရောက်မည့် (၂၆)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပန်းချီ၊ ကာတွန်း၊ ပိုစတာပြိုင်ပွဲများကို ယမန်နေ့နံနက် ၉ နာရီအချိန်က အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ မောင်တောခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေဦး၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယ ရဲမှူးကြီးကိုကိုလေး၊ အမှတ်(၄၆)မူးယစ်ရဲတပ်ဖွဲ့မှ ရဲမှူးမြင့်သောင်း၊ ခရိုင်/ မြို့နယ်ပညာရေးမှူး၊ ခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက လှည့်ပတ်ကြည့်ရှုအားပေးကြသည်။
ထိုသို့ဆောင်ရွက်ရာတွင် ၂၀၂၃ ခုနှစ်၊ ဇွန် ၂၆ ရက်နေ့တွင်ကျရောက်မည့် (၂၆)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အထက်တန်း၊ အလယ်တန်း၊ မူလတန်းအဆင့် ပန်းချီ ၊ ကာတွန်း၊ ပိုစတာပြိုင်ပွဲများကို ကျင်းပပြုလုပ်ရာ ခေါင်းစဉ်များအနေဖြင့် “မူးယစ်ဆေးရန်တို့တွန်းလှန် ကြိုးစားတိုက်ဖျက်နိုင်ငံအတွက်” ၊ “မူးယစ်ကင်းစင်တို့ပြည်တစ်ခွင် သာယာလှပလူမှုဘဝ” “ငါ့တို့ရဲ့အနာဂါတ်သာယာလှပဖို့ မူးယစ်ကင်းစင်ကမ္ဘာဖန်တီးစို့” “မျိုးဆက်သစ်များတိုးတက်ဖို့ မူးယစ်ဆေးမှန်သမျှတိုက်ဖျက်စို့” “လုံခြုံစိတ်ချပြည်သူ့ဘဝ မူးယစ်မှန်သမျှတိုက်ဖျက်ကြ” “လူသားချင်းစာ နာ ကျန်းမာဖို့ စိန်ခေါ်မူးယစ်တိုက်ဖျက်စို့” စသည့် ခေါင်းစဉ်များဖြင့် ပန်းချီပြိုင်ပွဲတွင် ကျောင်းသား၊ ကျောင်းသူ ၂၉ ဦး၊ ကာတွန်းပြိုင်ပွဲတွင် ကျောင်းသား၊ ကျောင်းသူ ၁၀ ဦး၊ ပိုစတာပြိုင်ပွဲတွင် ကျောင်းသား၊ ကျောင်းသူ ၅ ဦး စုစုပေါင်း ၄၄ ဦးက ပါဝင်ယှဉ်ပြိုင်ခဲ့ကြရာ ခရိုင်အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်ခင်စန္ဒာဝင်းက ပြိုင်ပွဲဝင် ကျောင်းသား/သူများအား ထောက်ပံ့ငွေများကိုပေးအပ်ခဲ့ကြောင်း သိရသည်။
သက်လွင်စိုး၊ အောင်ကျော်စိန်