မောင်တော ဖေဖော်ဝါရီ ၉
ရခိုင်ပြည်နယ်၊မောင်တောခရိုင်၊ တောင်ပြိုလက်ဝဲမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ နံသာတောင်ပညာဒါန ပရဟိတကျောင်း၏ (၁၁)ကြိမ်မြောက် စုံညီပွဲတော်နှင့် ဆုပေးပွဲ အခမ်းအနားကို ဖေဖော်ဝါရီ ၆ ရက်နေ့ ညနေပိုင်းက အဆိုပါကျောင်းတွင် ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ နယ်စပ်ဒေသ နံသာတောင်ပညာဒါန ပရဟိတကျောင်း၏ ဦးစီး ပဓာန နာယက၊ သဒ္ဓမ္မ ဇောတိကဓဇ၊ ရခိုင့်တံခွန် ဆုတံဆိပ်တော်ရ နံသာတောင်ဆရာတော် အရှင်သူမြတ်မှ အဖွင့်ဩဝါဒစကားမိန့်ကြားပြီး ခရိုင်ပညာရေးမှူး ဆရာကြီး ဦးချစ်သိန်း နှင့် မြို့နယ်ပညာရေးမှူး ဦးအောင်မြင့်သိန်းတို့က အမှာစကားများ ပြောကြားခဲ့ကြသည်။ ထို့နောက် ကျောင်းသား/သူများက ရခိုင့်ရိုးရာယိမ်း အကအလှများ၊ တေး သီချင်းများဖြင့် ကပြဖျော်ဖြေပေးခဲ့ကြသည်။ ဆက်လက်၍ ပညာရည်ချွန်ဆုနှင့် အားကစားထူးချွန်ဆုရရှိသော ကျောင်းသား/သူများအား နံသာတောင်ဆရာတော်ကြီးနှင့် တာဝန်ရှိသူများကဆုများ ချီးမြှင့်ပေးခဲ့ကြသည်။ အဆိုပါ နံသာတောင်ပညာဒါန ပရဟိတကျောင်းတွင် ကျောင်းသား/သူ ပေါင်း (၅၀၀) ဦး ပညာသင်ကြားလျက်ရှိကြောင်းသိရသည်။
သက်လွင်စိုး ခရိုင်(ပြန်/ဆက်)