ဒိုက်ဦး ဖေဖော်ဝါရီ ၉
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်တွင် လူငယ်များဘက်စုံဖွံ့ဖြိုး တိုးတက်ရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းကို ယမန်နေ့ နံနက်(၉)နာရီက ဒိုက်ဦးမြို့နယ် အိမ်ခြေလေးဆယ်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်း ပိတောက်ဆောင်ခန်းမ၌ ကျင်းပ ပြုလုပ်သည်။
အခမ်းအနားတွင် ပညာရေးမှူးရုံးမှ ဒုတိယဦးစီးမှူး ဦးကျော်စွာလင်းက အဖွင့်အမှာစကား ပြောကြားပါသည်။ ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဆွေသက်အောင်က လူငယ်စကားဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားရာတွင် ငယ်ရွယ်စဉ်မှစ၍ အသိပညာအတတ်ပညာများကို လေ့လာဆည်းပူးရန်၊ အတွေးအခေါ်ထက်မြက်ဖို့၊ အခက်အခဲတွေကို ရင်ဆိုင်နိုင်ဖို့၊ ပြသာနာများကို နည်းမှန်လမ်းမှန်ဖြေရှင်းနိုင်ဖို့၊ အကောင်းဆုံးဘဝကို တည်ဆောက်နိုင်စေဖို့အပြင် ယနေ့လူငယ်တွေ စာဖတ်သည့်အကျင့် ကောင်းများရရှိစေရန်နှင့် အမှားအမှန်ဝေဖန်ပိုင်းခြားတတ်စေရန်၊ စာပေမှရရှိသည့် အသိပညာ များကို သူတစ်ပါးအားမျှဝေပေးနိုင်ရန်၊ လူထုအကြားအပြန်အလှန် ဆွေးနွေးမေးမြန်းဖြေကြားနိုင်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်ရည်ရွယ်၍ လူငယ်စကားဝိုင်းကျင်းပရခြင်း ဖြစ်ပါကြောင်းပြောကြားပြီး လူငယ်စကားဝိုင်းကို ဦးဆောင်ဆွေးနွေးသူများအဖြစ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဆွေသက်အောင်၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမျိုးမြင့်၊ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာန ဦးစီးအရာရှိ ဦးနေလင်းဦးတို့နှင့်အတူ ကျောင်းသား/ကျောင်းသူ(၆)ဦးတို့က အပြန်အလှန်ဆောင်ရွက် ဆွေးနွေးကြသည်။
အဆိုပါ လူငယ်စကားဝိုင်းတွင် လူငယ်နှင့်စာဖတ်ခြင်း၊ လူငယ်နှင့်အားကစား၊ လူငယ်နှင့်ဘာသာရေး၊ လူငယ်နှင့်နည်းပညာ၊ လူငယ်နှင့်စာရိတ္တနှင့် လူငယ်နှင့်စားသုံးသူရေးရာ စသည့်ခေါင်းစဉ်များဖြင့် ဆွေးနွေးခဲ့ကြသည်။
လူငယ်စကားဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိက ဘဝအတွက် စာဖတ်ကြရန်၊ မြို့နယ်စားသုံးသူရေးရာ ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးက စားသုံးသူရေးရာနှင့် ပတ်သက်၍လည်းကောင်း၊ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာန ဦးစီးအရာရှိက အား/ကာသိပ္ပံအကြောင်းများကိုလည်းကောင်း အသီးသီးပြောကြားခဲ့သည်။ လူငယ်စကားဝိုင်းသို့ အိမ်ခြေလေးဆယ်ကျေးရွာ အခြေခံပညာ အထက်တန်းကျောင်းမှ ဆရာ/ဆရာမ(၁၁)ဦးနှင့် ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း(၁၇၅)ဦး တက်ရောက်ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)