တောင်ဥက္ကလာပ ဖေဖော်ဝါရီ ၉
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော နိုင်ငံတော်အတွက် ထူးချွန်ထက်မြက်သော အနာဂတ် မျိုးဆက်သစ် လူငယ်များပေါ်ထွန်းလာစေရန်ရည်ရွယ်၍ “လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲ”ကို ယမန်နေ့ နံနက် (၁၀) အချိန်က အမှတ်(၅) အခြေခံပညာအထက်တန်းကျောင်း ကေသရာဇာခန်းမ၌ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ တောင်ဥက္ကလာပမြို့နယ် အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်းမှ တာဝန်ခံကျောင်းအုပ် ဆရာမကြီး ဒေါ်ဝင်းရီက အဖွင့်အမှာစကားပြောကြားရာတွင် ကျောင်းသား၊ ကျောင်းသူများ စိတ်ဓာတ်၊ စည်းကမ်း၊ ပညာ ကောင်းမွန်ရေးကို အလေးထားကြိုးစားကြစေလိုကြောင်း၊ ပညာတတ်လူတော်၊ လူကောင်းများ ပေါ်ထွန်းလာမှသာ ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကြီးတည်ဆောက်နိုင်မှာ ဖြစ်ကြောင်းစသည်ဖြင့် ပြောကြားခဲ့ပြီးနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်ဆွေနှင်းက “လူငယ်နှင့်စာပေ”၊ “လူငယ်နှင့်မူးယစ်ဆေးဝါးအန္တရာယ်” စသည့်ခေါင်းစဉ်များဖြင့် လူငယ်များ အသိပညာဗဟုသုတရရှိစေရန်အတွက် အသေးစိတ်ရှင်းလင်းဟောပြောခဲ့ပါသည်။ ဆက်လက်၍ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်လေးဇာဇာလှိုင်းမြင့်က လူငယ်များအားကစားပြုလုပ်ခြင်း အလေ့အထရှိသင့်ကြောင်း၊ ကျန်းမာရေးအတွက် အားကစားပြုလုပ်သင့်ကြောင်း၊ အားကစားပြုလုပ်ခြင်းဟာ ကိုယ့်ရဲ့ကျန်းမာရေး၊ ကိုယ့်ရဲ့မြို့နယ်၊ နိုင်ငံ့ဂုဏ်ကိုဆောင်နိုင်ကြောင်း ရှင်းလင်း ဟောပြောခဲ့ပါသည်။
အဆိုပါ ဟောပြောပွဲကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိနှင့် ၀န်ထမ်းများ၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများ၊ အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်းမှ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း (၁၅၀)ဦးခန့် တက်ရောက်ခဲ့ကြပြီး ကျောင်းသား၊ ကျောင်းသူများက ဟောပြောပွဲအပြီးတွင် ခင်းကျင်းပြသထားသော အသိပညာပေးနံရံကပ် စာစောင်များနှင့် စာအုပ်များကို စိတ်ပါဝင်စားစွာ ကြည့်ရူလေ့လာခဲ့ကြောင်း သတင်းရသည်။
ခင်ဆွေနှင်း (ပြန်/ဆက်)