ရမ်းဗြဲ ဖေဖော်ဝါရီ ၈
ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့၌ ပရိယတ္တိသာသနာတော်အရှည်တည်တံ့ပြန့်ပွားစေရေးကို ရည်ရွယ်လျက် ရမ်းဗြဲမြို့နယ်အတွင်းရှိ ဆရာတော်ကြီးများမှကြီးမှူး၍ ရမ္မာဝတီသဒ္ဓမ္မပါလပရိယတ္တိစာမေးပွဲကို ၇-၂-၂၀၂၃ ရက်နေ့မှ စတင်ပြီး ကျင်းပလျက်ရှိရာ ရမ်းဗြဲမြို့နယ်အတွင်းရှိ ပရိယတ္တိစာင်တိုက်များမှ စာချဆရာတော်များ စာမေးပွဲဖြစ်မြောက်ရေး ဆရာတော်ကြီးများနှင့် စာမေးပွဲကြီးကြပ်ဆရာတော်ကြီးများ ကြွရောက်တော်မူကြသည်။
အဆိုပါ စာမေးပွဲတွင် ဥပစာတန်းတွင် ရှင်ကျင့်ဝတ်၊ အခြေပြုမူလတန်းတွင် သဒ္ဒါ၊ ဝိနည်း၊ တိကမာတိကာ၊ ပထမငယ်တန်းတွင် ဝိနည်း၊ သဒ္ဒါ၊ မာတိကာဓါတုကထာ၊ သင်္ဂဟ၊ ပထမလတ်တန်းတွင် ဝိနည်း၊ သဒ္ဒါ၊ သင်္ဂဟ၊ မာတိကာဓါတုကထာ၊ အောက်ယမိုက်(၅)ကျမ်း ဘာသာရပ်များနှင့် ပထမကြီးတန်းတွင်လည်းဝိနည်း၊ သဒ္ဒါ၊ သင်္ဂဟ၊ အဘိဓာန်လင်္ကာဆန်း၊ အထက်ယမိုက်(၅)ကျမ်းနှင့် ပဌာန်းဘာရပ်များကို ဖြေဆိုကြရသည်။ စာမေးပွဲကိုတစ်နေ့လျှင် နံနက် ၇ နာရီ မှ ၁၀နာရီ ထိတစ်ချိန် နှင့် မွန်းတည့် ၁၂နာရီမှ မွန်းလွဲ ၃ နာရီထိတစ်ချိန် ၂ ချိန်တစ်ချိန်လျှင်တစ်ဘာ ဖြေဆိုကြရသည်။ ၎င်းစာမေးပွဲကို ၇-၂-၂၀၂၃ ရက်နေ့ မှ ၉-၂-၂၀၂၃ ရက်နေ့ထိ ကျင်းပသွားမည် ဖြစ်သည်။
ရမ်းဗြဲမြို့နယ်၌ ကျင်းပလျက်ရှိသော (၂၄)ကြိမ်မြောက် ရမ္မာဝတီသဒ္ဓမ္မပါလစာမေးပွဲကို ယခုနှစ်တွင် ရမ်းဗြဲမြို့နယ်တွင်းရှိ ပရိယတ္တိစာသင်တိုက်များကသာမက အခြားမြို့နယ်များ ဖြစ်ကြသော ကျောက်ဖြူမြို့နယ်မှ ကျောက်တစ်လုံးကျောင်းတိုက်၊ တောင်ကုတ်မြို့နယ်မှ ပန်းကုံးကျောင်းတိုက်နှင့် သံတွဲမြို့နယ်မှ ပုလဲရတနာပရိယတ္တိစာသင်တိုက်များမှလည်း ဝင်ရောက်ဖြေဆိုလျက်ရှိကြပြီး စာဖြေသံဃာစုစုပေါင်း (၁၁၀)ပါး ဝင်ရောက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။
အောင်နိုင် (ပြန်/ဆက်)