ပုဏ္ဏားကျွန်း ဖေဖော်ဝါရီ ၈
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်အတွင်း ဆင်ခြေထောက်ရောဂါ ကင်းဝေးရေး လူအားလုံး ဆေးသုံးမျိုးပေါင်း တိုက်ကျွေးခြင်းလုပ်ငန်း (မြို့နယ်အဆင့်) သင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ဖွင့်လှစ်ခဲ့သည်။
သင်တန်းဖွင့်ပွဲတွင် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ အောင်စစ်ထွန်းက ဆင်ခြေထောက်ရောဂါသည် ရုတ်တရက်သေစေနိုင်သည့် ရောဂါမဟုတ်သော်လည်း ခြေလက်အင်္ဂါ ဥပဓိရုပ်လက္ခဏာချွတ်ယွင်းခြင်းကြောင့် လူမှုရေးနှင့်စီးပွားရေးတွင် ထိခိုက်နစ်နာမှုရှိနိုင်သော ရောဂါဖြစ်ကြောင်း၊ ဆင်ခြေထောက်ရောဂါ ကင်းဝေးစေရေးအတွက် ၂၀၀၁ ခုနှစ်မှ စတင်ပြီး လူအားလုံး ဆေးသုံးမျိုးပေါင်း တိုက်ကျွေးခြင်းလုပ်ငန်း အစီအစဉ်များ ဆောင်ရွက်ခြင်းကြောင့် ယခုအချိန်တွင် မြန်မာနိုင်ငံတွင် လူဦးရေ(၁၀၀၀)လျှင် ရောဂါပိုးရှိသူ တစ်ဦးနှုန်း ကျဆင်းသွားသည့် ခရိုင်(၃၀)ကို ဆင်ခြေထောက်ရောဂါ ကင်းဝေးရေး ဒေသအဖြစ် သတ်မှတ်နိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ ကျန်းမာရေးမှူး ဦးသူရိန်ဦးက ဆင်ခြေထောက်ရောဂါ ကင်းဝေးရေး လူအားလုံး ဆေးသုံးမျိုးပေါင်း တိုက်ကျွေးခြင်းလုပ်ငန်းစဉ်များနှင့် ဆင်ခြေထောက်ရောဂါ ဖြစ်ပွားရသည့် အကြောင်းရင်းများကို ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါသင်တန်းသို့ ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်ကြက်ခြေနီအသင်းဝင်များနှင့် စေတနာ့ဝန်ထမ်းများ စုစုပေါင်း(၅၀)ဦးတက်ရောက်ခဲ့ကြပြီး၊ သိရှိလိုသည်များကို မေးမြန်း ဆွေးနွေးခဲ့ကြရာ သင်တန်းနည်းပြဆရာက ပြန်လည်ရှင်းလင်း ဖြေကြားပေးခဲ့ကြောင်း သိရသည်။
နီထွန်းအောင်(ပြန်/ဆက်)