(၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ရခိုင်ပြည်နယ် MSME ထုတ်ကုန်ပြပွဲ၊ ရောင်းချပွဲနှင့် တေးဂီတဖျော်ဖြေပွဲ လာရောက်ကြည့်ရှုအားပေးသူများဖြင့် စည်ကား

စစ်တွေ ဖေဖော်ဝါရီ ၈

ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးကျင်းပသော (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ရခိုင်ပြည်နယ် MSME ထုတ်ကုန်ပြပွဲ၊ ရောင်းချပွဲနှင့် တေးဂီတဖျော်ဖြေပွဲကို ဖေဖော်ဝါရီလ ၆ ရက်နေ့ ၈ ရက်နေ့ထိ စစ်တွေမြို့၊ ဝေသာလီအားကစားကွင်း၌ ကျင်းပလျက်ရှိရာ လာရောက်ကြည့်ရှုအားပေးကြသည့် ပြည်သူများဖြင့် အထူးစည်ကားလျက်ရှိသည်။

ရခိုင်ပြည်နယ် MSME ထုတ်ကုန်ပြပွဲ၊ ရောင်းချပွဲကို ရခိုင်ပြည်နယ်အတွင်းမြို့နယ်များမှ စီးပွားရေးလုပ်ငန်းရှင်များ၏ အသေးစား၊ အငယ်စား၊ အလတ်စားစီးပွားရေးလုပ်ငန်းများနှင့် ဒေသထုတ်ကုန်းများကို ပြခန်းပေါင်း ၄၀ ဖြင့် ခင်းကျင်းပြသရောင်းချလျက်ရှိသည်။ ထိုသို့ပြသရောင်းချလျက်ရှိရာ ဒေသခံပြည်သူများ၊ နိုင်ငံ့ဝန်ထမ်းများနှင့် ကျောင်းသား၊ ကျောင်းသူများက လာရောက်ကြည့်ရှုဝယ်ယူအားပေးလျက်ရှိကြသည်။

အလားတူဝေသာလီအားကစားကွင်း၌ ညနေပိုင်းတွင် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် တေးဂီတဖျော်ဖြေပွဲကို ရခိုင်တေးသံရှင်များ၊ အဆိုတော်များ၊ နိုင်ငံ့ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများမှ အဆိုဝါသနာရှင်များက ဝင်ကြေးအခမဲ့ဖြင့် သီဆိုဖျော်ဖြေပေးလျက်ရှိရာ လာရောက်ကြည့်ရှုအားပေးကြသူများဖြင့် အထူးစည်ကားလျက်ရှိသည်။

ထို့ပြင် တေးဂီတဖျော်ဖြေပွဲညဈေးတန်း၌ ရခိုင်ရာအစားအစာများရောင်းချပေးလျက်ရှိပြီး ညနေပိုင်းတွင် သူငယ်ချင်းအပေါင်းအသင်းများ၊ မိသားစုများက လာရောက်ဝယ်စားသောက်လျက်ရှိကြပြီး အထူးစည်ကားလျက်ရှိကြောင်း သိရသည်။

တင်ထွန်း(ပြန်/ဆက်)