ပုဏ္ဏားကျွန်းမြို့နယ်၌ ဆင်ခြေထောက်ရောဂါ ကင်းဝေးရေးအတွက် အသိပညာပေး ဆွေးနွေးပွဲ ကျင်းပ

ပုဏ္ဏားကျွန်း ဖေဖော်ဝါရီ ၈

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၌ ဆင်ခြေထောက်ရောဂါ ကင်းဝေးစေရေးအတွက် အသိပညာပေး ဆွေးနွေးပွဲကို ယမန်နေ့နေ့လည်(၁)နာရီက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္က ဦးမောင်စံဝင်းက အဖွင့်အမှာစကားများ ပြောကြားပြီး၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ အောင်စစ်ထွန်းက ခြင်မှတစ်ဆင့် ဖြစ်ပွားတတ်သည့် ဆင်ခြေထောက်ရောဂါ လက္ခဏာများအကြောင်း၊ ဆင်ခြေထောက်ရောဂါ ကင်းဝေးရေးဆေးသုံးမျိုး ပေါင်းကုထုံး(IDA Therapy)အမြစ်ပြတ်အောင် သန်ကောင်များ သုတ်သင်ရှင်းလင်းရာတွင် အလွန်ထိရောက်ကြောင်း၊ မြို့နယ်အတွင်းရှိ ပြည်သူများအားလုံး ဆင်ခြေထောက်ရောဂါ ကင်းဝေးစေရေးအတွက် ဖေဖော်ဝါရီလ (၁၃) ရက်မှ (၁၉) ရက်အတွင်း တစ်အိမ်တက်ဆင်းစနစ်ဖြင့် ကျန်းမာရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်နှင့်အညီ တိုက်ကျွေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ တက်ရောက် လာကြသူများက သိရှိလိုသည်မျာအားမေးမြန်းခဲ့ကြရာ သက်ဆိုင်ရာ တာဝန်ရှိသူတို့က ပြန်လည်ရှင်းလင်းဖြေကြားပေးခဲ့သည်။

ဆွေးနွေးပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ကျန်းမာရေးဝန်ထမ်းများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် လူမှုရေး အသင်းအဖွဲ့များ စုစုပေါင်း(၁၅၀)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

နီထွန်းအောင်(ပြန်/ဆက်)