ရမ်းဗြဲ ဖေဖော်ဝါရီ ၈
ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ကျရောက်မည့် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ယနေ့နံနက် ၉ နာရီက နံရံကပ်စာစောင်ပြပွဲကို ပြုလုပ်ဆောင်ရွက်ကြသည်။
ထိုသို့ နံရံကပ်စာစောင် ပြသရာတွင် လူငယ်များ ဗဟုသုတရရှိစေရန်အတွက် ပြည်ထောင်စုနေ့ ဂုဏ်ပြုကဗျာများ၊ ပြည်ထောင်စုနေ့ဆောင်ပုဒ်များ၊ ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ခွန်းကောက်နုတ်ချက်များ၊ ပင်လုံစာချုပ်လက်မှတ်ရေးထိုးခဲ့ကြသည့် ဓာတ်ပုံများနှင့် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အမျိုးသားရေးဦးတည်ချက်များဖြင့် ဝေဝေဆာဆာပြသထားရှိသည်။
အဆိုပါ နံရံကပ်စာစောင်ပြပွဲသို့ ကျောင်းသား/ကျောင်းသူများနှင့် ပြည်သူများမှ စိတ်ပါဝင်စားစွာ လာရောက်ကြည့်ရှုလျက်ရှိကြောင်း သိရသည်။
အောင်နိုင် (ပြန်/ဆက်)