(၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အကြို နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲ သံတွဲမြို့၌ ကျင်းပ

သံတွဲ ဖေဖော်ဝါရီ ၈

သံတွဲခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူး၍ ကျောင်းသား၊ ကျောင်းသူများ အသိပညာ ဗဟုသုတ တိုးပွားစေရေးအတွက် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အကြို နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲကို ယနေ့ နံနက် ၁၁ နာရီက သံတွဲမြို့ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း၌ ကျင်းပပြုလုပ်သည်။

အဆိုပါ နံရံကပ်စာစောင်တွင် ပြည်ထောင်စုနေ့အကြောင်း သိကောင်းစရာများ၊ ပင်လုံစာချုပ်တွင် လက်မှတ်ရေးထိုးခဲ့သည့် တိုင်းရင်းသား ခေါင်းဆောင်ကြီးများ၏ မှတ်တမ်းဓာတ်ပုံများ ကလေးအလုပ်သမား ပပျောက်ရေး အသိပညာပေးခြင်း ဆိုင်ရာများ၊ လူကုန်ကူးမှု တိုက်ဖျက်ရေးဆိုင်ရာ သိကောင်းစရာများ၊ မူးယစ်ဆေးဝါး တားဆီးကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင်များနှင့် သုတရသ စာအုပ်စာစောင် (၃၅၀)အုပ်ခန့်ကို ပြသခဲ့ရာ ဆရာ၊ ဆရာမများနှင့် ကျောင်းသားကျောင်းသူလေးများ စိတ်ပါဝင်စားစွာ ကြည့်ရှု လေ့လာခဲ့ကြသည်။

ထိုသို့ ကြည့်ရှုလေ့လာနေစဉ် သံတွဲခရိုင် ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန္ဒာကြည်နှင့် ဝန်ထမ်းများက (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အကြို နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲ ဆောင်ရွက်ရခြင်းနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြည်သူများ၊ ကျောင်းသား၊ ကျောင်းသူလေးများ အသိပညာ ဗဟုသုတ တိုးပွားလာစေရေးအတွက် ဝန်ဆောင်မှုပေးနေမှု အခြေအနေများကို ရှင်းလင်းပြောကြားခဲ့သည်။

ခရိုင်(ပြန်/ဆက်)