သံတွဲ ဖေဖော်ဝါရီ ၈
သံတွဲခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အကြို မူလတန်းအဆင့် ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် ဆေးရောင်ခြယ်ပြိုင်ပွဲကို ယမန်နေ့ နေ့လယ် ၁ နာရီက သံတွဲခရိုင် လူထုအခြေပြုဗဟိုဌာန ဘက်စုံသုံးခန်းမ၌ ကျင်းပ ပြုလုပ်သည်။
ရှေးဦးစွာ သံတွဲခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်စန္ဒာကြည်က ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် ဆေးရောင်ခြယ်ပြိုင်ပွဲများ ကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။ ထို့နောက် ကဗျာရွတ်ဆိုပြိုင်ပွဲကို ကျင်းပပြုလုပ်ရာ အမက(ဒွါရာဝတီ)မူလွန်ကျောင်းနှင့် အမက(၁)မူလွန်ကျောင်းတို့မှ မူလတန်း ကျောင်းသားကျောင်းသူ(၁၅)ဦးက နေထိုင်ရေးမင်္ဂလာကဗျာ၊ ပေါင်းသင်းဆက်ဆံရေး မင်္ဂလာ ကဗျာများအား မဲနိုက်၍ ယှဉ်ပြိုင်ခဲ့ကြသည်။ ဆက်လက်၍ ဆေးရောင်ခြယ်ပြိုင်ပွဲကို ကျင်းပရာ အဆိုပါကျောင်းများမှ မူလတန်းကျောင်းသားကျောင်းသူ (၁၅)ဦး ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြသည်။
ပြိုင်ပွဲများ အပြီးတွင် လက်ထောက်ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများက ပြိုင်ပွဲဝင် ကျောင်းသား၊ ကျောင်းသူ(၃၀)ဦးအား အမှတ်တရ လက်ဆောင်ပစ္စည်းများအား ပြိုင်ပွဲဝင် လက်ဆောင်အဖြစ် ချီးမြှင့်ပေးခဲ့ကြသည်။
အဆိုပါ ပြိုင်ပွဲများ ကျင်းပရခြင်းမှာ ကလေးများ အသိပညာ ဗဟုသုတ ဖွံ့ဖြိုးတိုးတက်စေရေး၊ ကာယ၊ဉာဏဖွံ့ဖြိုးတိုးတက်စေရေး၊ စာကြည့်တိုက်နှင့် ရင်းနှီးမှု ရရှိစေပြီး စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ရရှိစေရန် ရည်ရွယ်၍ ကျင်းပပြုလုပ်ပေးခြင်းဖြစ်သည်။ ထို့အပြင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန သံတွဲခရိုင်ရုံးအနေဖြင့် ပြည်သူများ အသိပညာ ဗဟုသုတ ရရှိစေရန် ရည်ရွယ်၍ Talk Show များ၊ အသိပညာပေး ဟောပြောပွဲများကို လစဉ်ဆောင်ရွက်ပေးလျက် ရှိပါသည်။
ခရိုင်(ပြန်/ဆက်)