မအီ ဖေဖော်ဝါရီ ၈
ရခိုင်ပြည်နယ်၊ တောင်ကုတ်ခရိုင်၊ မအီမြို့တွင် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် မြို့အုပ်ချုပ်ရေးမှူးဖလား အလွတ်တန်းဖူဆယ်ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနားကို ယနေ့ နေ့လယ်ပိုင်းက မအီမြို့၊ အထက်တန်းကျောင်းရှေ့ အားကစားကွင်း၌ ကျင်းပခဲ့သည်။
ဖွင့်ပွဲအခမ်းအနားတွင် မအီမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့အုပ်ချုပ်ရေးမှူး ဦးကျော်ပုက အဖွင့်အမှာစကား ပြောကြားရာတွင် အလွတ်တန်းဖူဆယ်ဘောလုံးပြိုင်ပွဲကို (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အဖြစ် ကျင်းပခြင်းဖြစ်ကြောင်း၊ တိုင်းရင်းသားတို့၏ စည်းလုံးညီညွတ်မှုဖြင့် ပြည်ထောင်စုနေ့ ဖြစ်ပေါ်လာခြင်းဖြစ်ကြောင်းနှင့် အားကစားသမားများ အချင်းချင်း ရင်းရင်းနှီးနှီး စည်းလုံးချစ်ကြည်မှုဖြင့် နိုင်ငံတော်၏ နေ့ထူးနေ့မြတ်နေ့ရက်များကို အစဉ်အမှတ်ရနေစေရန် ရည်ရွယ်၍ ကျင်းပခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
အလွတ်တန်းဖူဆယ်ဘောလုံးပြိုင်ပွဲကို မအီမြို့ပေါ် ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် မြို့ပေါ်ဖူဆယ်အားကစား ဝါသနာရှင်လူငယ်များ၊ စုစုပေါင်းပြိုင်ပွဲဝင်အသင်း ၁၆ သင်းတို့က ဝင်ရောက် ယှဉ်ပြိုင်ကစားသွားကြမည်ဖြစ်ပြီး ယနေ့ဖွင့်ပွဲ အခမ်းအနားနေ့တွင် ပြည်ထဲရေးအသင်းနှင့် ဌာနဆိုင်ရာ စုပေါင်းအသင်းတို့က ချစ်ကြည်ရေးအနေဖြင့် ယှဉ်ပြိုင်ကစားခဲ့ကြသည်။ အဆိုပါ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် မြို့အုပ်ချုပ်ရေးမှူးဖလား အလွတ်တန်း ဖူဆယ်ဘောလုံးပြိုင်ပွဲ၌ အနိုင်ရအသင်းများကို ချီးမြှင့်ပေးသွားမည့် ဆုများအနေဖြင့် ပထမဆု- ၃၀၀၀၀၀ ကျပ်၊ ဒုတိယဆု- ၂၀၀၀၀၀ ကျပ်နှင့် တတိယဆု- ၁၀၀၀၀၀ ကျပ်တို့ကို အသီးသီးချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း မအီမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးမှ သိရသည်။
မောင်မောင်ဌေး(ပြန်/ဆက်)