ကျောက်တော်မြို့၌ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ဥပဒေအကြောင်း အသိပညာပေး ဟောပြောပွဲကျင်းပ

ကျောက်တော်  ဖေဖော်ဝါရီ  ၈

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ကျောက်တော်မြို့နယ်တွင် လူမှုဝန်ထမ်းဦးစီးဌာနမှ ကြီးမှူး ကျင်းပပြုလုပ်သော ကလေးသူငယ်အခွင့် အရေးဆိုင်ရာဥပဒေအကြောင်းအသိပညာပေး ဟောပြောပွဲအခမ်းအနားကို ယမန်နေ့နံနက် ၁၁ နာရီအချိန်က အခြေခံပညာ အထက်တန်း ကျောင်း အ.ထ.က(မြို့မ)ကျောင်း အစည်းအဝေးခန်းမအတွင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ အသိပညာပေးဟောပြောပွဲတွင် အခြေခံပညာအထက်တန်းကျောင်း အထက(မြို့မ) ကျောင်းအုပ်ဆရာကြီး ဦးစောလှကျော်မှ အဖွင့်အမှာစကား ပြောကြားခဲ့သည်။ထို့နောက်  မြို့နယ်ရဲတပ်ဖွဲ့မှူးက ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအကြောင်းသိကောင်းစရာများအားလည်းကောင်း၊  မြို့နယ်ဉပဒေအရာရှိမှ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ပြစ်မှု၊ ပြစ်ဒဏ်များနှင့်ပတ်သက်၍ လည်းကောင်း၊ မြို့နယ်တရားသူကြီးမှ ကလေးသူငယ်များနှင့်ပတ်သက်၍ တရားစီရင်ရေးအကြောင်း သိကောင်းစရာများအားလည်းကောင်း၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးမှ စာဖတ်ခြင်း၏ အကျိုးကျေးဇူးများအား ရှင်းလင်းဆွေးနွေးဟောပြောခဲ့သည်။ ဆက်လက်ပြီး မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးအရာရှိက ကလေးသူငယ်အခွင့်အရေးဆိုင်ရာဉပဒေ အကြောင်းအရာများနှင့် Child Violence နှင့်ပတ်သက်သည့်အကြောင်းအရာများအား ဟောပြောဆွေးနွေးခဲ့ရာ ကျောင်းသား၊ ကျောင်းသူလေးများက သိရှိလိုသည်များအား မေးမြန်းခဲ့ရာ တာဝန်ရှိသူများမှ ပြန်လည် ရှင်းလင်း ဖြေကြားခဲ့သည်။

အဆိုပါ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ဉပဒေအကြောင်း အသိပညာပေးဟောပြောပွဲသို့  မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ကျောင်းအုပ်ဆရာကြီးနှင့်ဆရာ၊ ဆရာမများ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များနှင့် ကျောင်း သား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ခင်မောင်ထွန်း ကျောက်တော်(ပြန်/ဆက်)