မင်းပြားမြို့၌ ဆင်ခြေထောက်ရောဂါကင်းဝေးရေးအတွက် အသိပညာပေးဆွေးနွေးပွဲကျင်းပ

မင်းပြား ဖေဖော်ဝါရီ ၇

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မင်းပြားမြို့နယ်တွင် ကျန်းမာရေးဦးစီးဌာနက ဆင်ခြေထောက်ရောဂါကာကွယ်နှိမ်နင်းရေး လူအားလုံးသံချဆေးပေါင်းတိုက်ကျွေးခြင်းလုပ်ငန်း မြို့နယ်အဆင့်အသိပေးဆွေးနွေးပွဲကို ယမန်နေ့က အဆိုပါအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင် မင်းပြားမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးစိုးမိုးက အဖွင့်အမှာစကားပြောကြားသည်။ ဆက်လက်ပြီး မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာနေဝင်းထွန်းက ခြင်ကြောင့်ဖြစ်ပွားတတ်သည့် ဆင်ခြေထောက်ရောဂါလက္ခဏာများအကြောင်း၊ ဆင်ခြေထောက်ရောဂါကင်းဝေးရေး ဆေးသုံးမျိုးပေါင်းကုထုံး (IDA Therapy) အမြစ်ပြတ်အောင် သန်ကောင်များသုတ်သင်ရာတွင် အလွန်ထိရောက်ကြောင်း၊ မင်းပြားမြို့နယ်အတွင်းရှိ ပြည်သူများအား ကျန်းမာရေးဝန်ကြီးဌာန၏ ညွန်ကြားချက်များအတိုင်း ဆင်ခြေထောက်ရောဂါကင်းဝေးစေရန် တစ်အိမ်တက်ဆင်းစနစ်ဖြင့် မိမိထံဆေးလာတိုက်သောသူများရှေ့မှာသောက်ရမည်ဖြစ်ပြီး တစ်မြို့နယ်လုံး သတ်မှတ်အချိန်အတွင်း တပြိုင်နက်တိုက်ကျွေးမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီး တက်ရောက်လာသူများက သိလိုသည်များကိုမေးမြန်းကြရာ တာဝန်ရှိသူများက ရှင်းလင်းဖြေကြားသည်။

အဆိုပါ ဆင်ခြေထောက်ရောဂါဆေးတိုက်ကျွေးခြင်းကို ဖေဖော်ဝါရီလ(၁၃)ရက်မှ (၁၉)ရက်အတွင်း ကျန်းမာရေးဦးစီးဌာနနှင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ NGO များ၊ ပြည်သူများ ပူးပေါင်းပါဝင်ဆောင်ရွက်ကြမည်ကြောင်း သိရသည်။

သိန်းနုအောင်