မင်းပြား ဖေဖော်ဝါရီ ၇
နိုင်ငံတော်အစိုးရ၏ အစီအစဉ်ဖြင့် ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မင်းပြားမြို့၌ ထိုင်းနိုင်ငံတွင် ရောက်ရှိနေပြီး အကြောင်းအမျိုးမျိုး ကြောင့်မြန်မာနိုင်ငံသို့ ပြန်လာရန် အခက်အခဲ ကြုံတွေ့နေရသော နေရပ်ပြန်မြန်မာနိုင်ငံသား (၆၇၉)ဦး တို့အနက်မှ မင်းပြားမြို့သို့ (၃၄)ဦးအား ရွှေပြည်တန် အမြန် ရေယာဉ်ဖြင့် ယမန်နေ့ ညနေ ၅ နာရီ အချိန်က ပြန်လည်ရောက်ရှိလာကြောင်း သိရသည်။
အဆိုပါ နေရပ်ပြန် ရခိုင်ပြည်နယ် မင်းပြားမြို့သို့ ရောက်ရှိလာသူတို့အား မင်းပြားမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးစိုးမိုးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်း၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့၊ နေရပ်ပြန်ပြည်သူများ၏ မိဘ/ဆွေမျိုး၊ညီအစ်ကိုမောင်နှမများက ကြိုဆိုကြသည်။
ဆက်လက်၍ မင်းပြားမြို့နယ် ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာနေဝင်းထွန်းနှင့် ကျန်းမာရေး ဝန်ထမ်းများက ကျန်းမာရေး စောင့်ရှောက်မှုများပေးပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက စိတ်ဓာတ်ကြံ့ခိုင်ရေးအတွက် အားပေးစကား ပြန်လည်ပြောကြားပြီး မိဘ/ဆွေမျိုးများထံ ပြန်လည် အပ်နှံကာ မိမိနေရပ် မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများအရောက် မော်တော်ကားများဖြင့် ဆက်လက် ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
သိန်းနုအောင်