သံတွဲမြို့၌ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် မြို့နယ်အုပ်ချုပ်ရေးမှူးဖလား အမျိုးသား၊ အမျိုးသမီး ဘောလုံးပြိုင်ပွဲ ဆုချီးမြှင့်ပွဲ ကျင်းပ

သံတွဲ ဖေဖော်ဝါရီ  ၇

(၇၅)နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ကျေးရွာနှင့် ရပ်ကွက်ပေါင်းစုံ မြို့နယ်အုပ်ချုပ်ရေးမှူးဖလား အမျိုးသား ၊ အမျိုးသမီး ဘောလုံးပြိုင်ပွဲ ဆုချီးမြှင့်ပွဲကို ယမန်နေ့ ညနေ ၃:၃၀ နာရီက  သံတွဲမြို့မ အားကစားကွင်း၌ ကျင်းပပြုလုပ်သည်။

သံတွဲမြို့နယ်တွင် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် မြို့နယ်အုပ်ချုပ်ရေးမှူးဖလား အမျိုးသား ၊အမျိုးသမီး ဘောလုံးအလွတ်တန်းပြိုင်ပွဲကို ဇန်နဝါရီ ၄ ရက်နေ့မှ စတင်ကျင်းပခဲ့ရာ ယနေ့တွင် အမှတ် ၁၊၂၊၃၊၆၊၇ နန်းချောင်းအသင်းနှင့် လင်းသာရပ်ကွက် အသင်းတို့ အကြိတ်အနယ် ယှဉ်ပြိုင်ခဲ့ရာ အမှတ်၁၊၂၊၃၊၆၊၇၊နန်းချောင်းအသင်းက  (၂)ဂိုး တ(၁)ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။

ထို့နောက် ဆုပေးပွဲ အခမ်းအနားကို ကျင်းပရာ အမျိုးသမီးဘောလုံးပြိုင်ပွဲတွင် ဒုတိယရရှိသော ကြာညိုကျေးရွာအသင်း၊ ပထမဆုရရှိသော သံတွဲမြို့မအသင်း ၊ အမျိုးသားဘောလုံးပြိုင်ပွဲတွင် ဒုတိယဆုရရှိသည့် လင်းသာအသင်းနှင့် ပထမဆု ရရှိသည့် အမှတ်၁၊၂၊၃၊၆၊၇၊ နန်းချောင်း အသင်းတို့အား၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမျိုးချစ်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီး ဝင်းဗိုလ်နှင့် တာဝန်ရှိသူများ၊   မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမောင်သာစိန်နှင့် တာဝန်ရှိသူများက တစ်ဦးချင်းလည်ဆွဲဆု၊ ရှေ့တန်း၊ အလယ်တန်း၊ နောက်တန်း၊ ပွဲစဉ်တစ်လျှောက် အကောင်းဆုံး ကစားသမားဆု၊ ငွေသားဆုများနှင့် ပထမဆုဖလားကြီးကို  ချီးမြှင့်ပေးကြသည်။ ဆက်လက်၍ ထို့နောက် ပထမ၊ဒုတိယရရှိသော အမျိုးသား/အမျိုးသမီး ဘောလုံးအသင်းများအား စင်တော်ကောက်ကုမ္ပဏီ မန်နေဂျင်းဒါရိုက်တာ ဦးသိန်းရွှေက အပိုဆောင်းဆု အဖြစ် တစ်သင်းလျှင် တစ်သိန်းကျပ်တိတိကိုချီးမြှင့်ပေးခဲ့ကြောင်းသိရသည်။

အဆိုပါ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် ကျေးရွာနှင့် ရပ်ကွက် ပေါင်းစုံ  မြို့နယ် အုပ်ချုပ်ရေးမှူးဖလား အမျိုးသား ၊အမျိုးသမီး ဘောလုံးပြိုင်ပွဲကို ဇန်နဝါရီ ၄ ရက်နေ့မှ ဖေဖေါ်ဝါရီ ၆ ရက် နေ့အထိ ကျင်းပပြုလုပ်ခဲ့ပြီး အမျိုးသမီး ပထမဆုအား (၃)သိန်းကျပ်၊ ဒုတိယဆု (၂)သိန်းကျပ်နှင့် အမျိုးသား ပထမဆုအား(၁၅)သိန်းကျပ်၊ ဒုတိယဆု (၁၀)သိန်းကျပ်တိတိတို့ကို ချီးမြှင့်ပေးခဲ့ကြောင်း ပြိုင်ပွဲကျင်းပရေးကော်မတီထံမှ သိရသည်။

ခရိုင် (ပြန်/ဆက်)