မြောက်ဦး ဖေဖော်ဝါရီ ၄
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့၌ မြို့မဈေးကြီးအား မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရန်အတွက် မီးသတ်ဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ပူးပေါင်း၍ ယနေ့ နံနက် ၁၁ နာရီအချိန်က ဈေးရောင်းသူများအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးလှဝင်းနှင့် မီးသတ်တပ်ဖွဲ့ဝင်များက မတော်တဆ မီးလောင်မှု ဖြစ်ပွားပါက မီးသတ်ဆေးဘူးဖြင့် စနစ်တကျမီးငြိမ်းသတ်မှုများကို ရှင်းလင်းပြောကြားပြီး မီးလောင်မှုဖြစ်ပွားနေစဉ် မီးသတ်ဆေးဘူးဖြင့် မီးငြိမ်းသတ်စေရန် ဆီ၊ မီးလောင်ကျွမ်းမှုများကို ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ မြို့နယ်မီးသတ်ဦးစီးမှူး ဦးလှဝင်းနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဒုတိယဦးစီးမှူး ဦးမောင်မောင်တို့က မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် ရေကန်များ၊ ရေပိုက်ခေါင်းများ၊ မီးချတ်၊ မီးကပ်များ၊ မီးသတ်ဆေးဘူးများ ထားရှိမှု၊ မီးသတ်ဆေးဘူးများ ဟောင်းနွမ်းနေပါက အသစ်လဲလှယ်တပ်ဆင်ကြစေရန်နှင့် ဈေးအတွင်း လှည့်လည်ကြည့်ရှု စစ်ဆေးခြင်း၊ ဈေးအနီးအနားတွင် ဈေးရောင်းချသည့် ဆိုင်ရှေ့ရေမြောင်းများအတွင်း ရေများပိတ်ဆိုမှုမဖြစ်ပေါ်စေရေးနှင့် စွန့်ပစ်အမှိုက် များအား စနစ်တကျစွန့်ပစ်စေရေးတို့ကို ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်၊၊
မြင့်စိုး ၊ စိုးငြိမ်းနိုင်( ပြန်/ဆက် )