ကျောက်ဖြူ ဖေဖော်ဝါရီ ၄
ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမတွင် ယမန်နေ့နံနက် ၁၀ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အမှတ်(၂၁) ယာဉ်ထိန်းရဲတပ်ဖွဲ့စုတို့ ပူးပေါင်း၍ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ Talk Show ကျင်းပပြုလုပ်သည်။
ရှေးဦးစွာပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးသိန်းထွန်းအောင်က အသိပညာပေးဆွေးနွေးပွဲ (Talk Show) ကျင်းပရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး အမှတ်(၂၁)ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ ခေတ္တတပ်ဖွဲ့စုမှူး ရဲအုပ် မျိုးသီဟက ကျောက်ဖြူမြို့တွင် ပြည်သူများ ယာဉ်အန္တရာယ်မဖြစ်ပေါ်စေရန်အတွက် မီးပွိုင့်များအား လမ်းဆုံ၊ လမ်းခွနေရာများတွင် တပ်ဆင်ထားပြီးဖြစ်ကြောင်း၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများနှင့်ပတ်သက်၍ ယာဉ်မောင်းသူများလိုက်နာရမည့် စည်းကမ်းချက်များ၊ ယာဉ်ကြောပိတ်ဆို့မှုအချက်ပြစနစ်(သို့) မီးပွိုင့်အချက်ပြမီးစနစ်များနှင့် ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် မော်တော်ယာဉ်စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၇၆(ခ)အရ မော်တော်ဆိုင်ကယ်နှင့် မော်တော်ယာဉ်မောင်းများ လိုက်နာရမည့် စည်းကမ်းချက်များနှင့် ပတ်သက်၍ ဆွေးနွေးပြောကြားခဲ့သည်။
ကျောက်ဖြူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ အသိပညာဗဟုသုတတိုးပွားစေရေးအတွက် အွန်လိုင်းမှတဆင့် ယခုလို အသိပညာပေး ဆွေးနွေးပွဲ (Talk Show)များပြုလုပ်ခြင်း၊ ရုံးစာကြည့်တိုက်များတွင် စာအုပ်၊ စာပေများ အခမဲ့ငှားရမ်းပေးခြင်း ကလေးများဉာဏ်ရည်၊ ဉာဏ်သွေးဖွံ့ဖြိုးလာစေရန်အတွက် ကဗျာရွတ်ဆိုခြင်း၊ ပုံပြင်ပြောခြင်း အစီအစဉ်များ ရိုက်ကူးထုတ်လွှင့်ပြသပေးခြင်းစသည့် အသိပညာပေး အစီအစဉ်များအား Face Book Page မှတစ်ဆင့် ဝန်ဆောင်မှု ပေးလျက်ရှိကြောင်း သိရှိရသည်။
တင်ထွန်းဦး၊ ဖြိုးဝေလင်း