ပေါက်တောမြို့သို့ အထူးကုဆရာဝန်ကြီးများအဖွဲ့လာရောက်၍ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ အခမဲ့ဆေးကုသဆောင်ရွက်

ပေါက်တော ဖေဖော်ဝါရီ ၄

ရခိုင်ပြည်နယ်အစိုးအဖွဲ့၏ဦးဆောင်မှုဖြင့် ပေါက်တောမြို့သို့ စစ်တွေမြို့ ကုတင်(၅၀၀)ဆံ့ ပြည်သူ့ဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီးများအဖွဲ့ လာရောက်၍ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ အခမဲ့ဆေးကုသဆောင်ရွက်ခြင်းကို ယမန်နေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဗုဒ္ဓသာသနာ့ဓမ္မဗိမာန်တော်နှင့် မြို့နယ်ပြည်သူ့ဆေးရုံတို့တွင် ဆေးကုသရာ နေရာချထားပြီး ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။

အဆိုပါအထူးကုဆရာဝန်ကြီးများအဖွဲ့က သံဃာတော်များ၊ သာသနာ့နွယ်ဝင် သီလရှင်များနှင့် ဒေသခံပြည်သူတို့ကို မျက်စိရောဂါ၊သွားနှင့်ခံတွင်းရောဂါ၊ကလေးရောဂါ၊ ခွဲစိတ်ကုသမှုဆိုင်ရာရောဂါ၊ သားဖွား/မီးယပ် ရောဂါ၊အရိုး/အကြော ရောဂါ၊ နား၊နားခေါင်း၊လည်ချောင်းရောဂါ၊ စိတ်ကျန်းမာရေး ရောဂါ၊ အရေပြားရောဂါ၊ ထွေထွေရောဂါတို့နှင့်ပတ်သက်၍ လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးပြီး ​ ​ECG စက်ဖြင့် ရောဂါရှာဖွေစမ်းသပ်ပေးသည်။

ထို့သို့ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုများကို ရခိုင်ပြည်နယ် အစိုးရအဖွဲ့ဝန်ကြီးများဖြစ်ကြသည့် သယံဇာတရေးရာဝန်ကြီး ဦးသန်းထွန်း၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီး သက်လွင်၊ တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေး၍ လိုအပ်သည်များကို ညှိနှိုင်ဆောင်ရွက်ပေးပြီး ဆေးဝါးကုသခံယူနေသူများအား ရင်းရင်း နှီးနှီးလိုက်လံနှုတ်ဆက်ကြကြောင်း သိရသည်။

ဝင်းမင်းစိုး(ပြန်/ဆက်)