ကျောက်ဖြူ ဖေဖော်ဝါရီ ၃
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၊ ရမ္မာဝတီခန်းမ၌ ဖွင့်လှစ်ပြသခဲ့သည့် MSME ထုတ်ကုန်ပြပွဲနှင့်ရောင်းချပွဲတွင် ဆိုင်ခန်းများဖွင့်လှစ်ပြသရောင်းချခဲ့သော MSME လုပ်ငန်းရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ည (၇)နာရီက အဆိုပါခန်းမရှိကွင်းပြင်၌ ကျင်းပပြုလုပ်ရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ MSME လုပ်ငန်းရှင်များ တက်ရောက်ကြသည်။
အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖဥက္ကဋ္ဌ ဦးရဲလင်းမောင်က ယခုလိုMSME ထုတ်ကုန်ပြ ပွဲနှင့်ရောင်းချပွဲတွင် ဆိုင်ခန်းများခင်းကျင်းပြသခဲ့သည့် MSME လုပ်ငန်းရှင်များကိုတွေ့ရှိရသဖြင့် အထူးပင်ကျေးဇူးတင်ရှိပါကြောင်း၊ MSMEလုပ်ငန်းများဖွံ့ဖြိုးတိုးတက်မှုသည် ဒေသအတွက်အလွန်အရေးကြီးပါကြောင်း၊ မိမိတို့ဒေသထွက်ကုန်များကို တစ်စုတစ်စည်းတည်း မြင်တွေ့ခွင့်ရရှိသည့်အတွက်အလွန်ဝမ်းမြောက်မိပါကြောင်း၊ ဒေသထွက်ကုန်များကို ပြည်တွင်းတွင်သာမကပြည်ပအထိတင်ပို့ရောင်းချနိုင်ရေး ကြိုးစားလုပ်ဆောင်စေလိုပါကြောင်း၊ နောင်တွင် MSME ထုတ်ကုန်ပြပွဲနှင့်ရောင်းချပွဲအား ယခုထက်ပိုမိုစည်ကားအောင် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။ ထို့နောက် MSME ထုတ်ကုန်ပြပွဲနှင့် ရောင်းချပွဲတွင် ဖွင့်လှစ်ပြသရောင်းချခဲ့သည့် MSME လုပ်ငန်းရှင်များကို တာဝန်ရှိသူများမှဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်ပြီး ခရိုင်စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ညိုညိုမြင့်က ကျေးဇူးတင်စကားပြောကြားသည်။ ဆက်လက်ပြီး MSME လုပ်ငန်းရှင်များကိုယ်စား လုပ်ငန်းရှင်တစ်ဦးမှကျေးဇူးတင် စကားပြန်လည်ပြောကြားခဲ့သည်။
ကျောက်ဖြူမြို့၌ အဆိုပါ MSME ထုတ်ကုန်ပြပွဲနှင့် ရောင်းချပွဲကို ဇန်နဝါရီ (၃၁) ရက်နေ့မှ ဖေဖော်ဝါရီလ(၂)ရက်နေ့အထိ ဖွင့်လှစ်ပြသထားရှိပြီး ညပိုင်းတွင်တေးဂီတအစီအစဉ်များဖြင့် စည်ကားသိုက်မြိုက်စွာကျင်းပခဲ့ကြောင်း သိရှိရသည်။
တင်ထွန်းဦး၊ ဖြိုးဝေလင်း