စစ်တွေ ဖေဖော်ဝါရီ ၃
ရခိုင်ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဆောင်ရွက်ထားသည့် စစ်တွေမြို့၊ မျိုးသန့်ခြံ၌ ဆောင်းသီးနှံမျိုးစေ့ထုတ် စိုက်ခင်းများ၊ သီးနှံအထွက်နှုန်းတိုးတက်ရေးစံပြကွက်များ၊ အီးအမ်ဘိုကာရှီ ပြုလုပ်ထားရှိမှုများအား ယမန်နေ့ ညနေပိုင်းကမြောက်ဦးခရိုင်၊ ကျောက်တော်မြို့နယ်၊ မြောက်ဦးမြို့နယ်နှင့် မင်းပြားမြို့နယ်တို့မှ တောင်သူ လာရောက်လေ့လာခဲ့ကြကြောင်းသိရသည်။
လာရောက်လေ့လာကြသည့် တောင်သူများအား စိုက်ပျိုးရေးဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူး ဒေါ်လှသင်္ဂီက ယခုနှစ်တွင် စစ်တွေမျိုးသန့်ခြံ၌ ဆီထွက်သီးနှံများဖြစ်သည့် မြေပဲ၊ နှမ်း၊ နေကြာ၊ ဆီမုန်ညင်း၊ ပန်းနှမ်းသီးနှံများ စိုက်ပျိုးထားရှိမှု ပဲမျိုးစုံသီးနှံများအနေဖြင့် မတ်ပဲ၊ ပဲတီစိမ်း၊ ကုလားပဲ၊ စားတော်ပဲ သီးနှံများအပြင် ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ အစေ့ထုတ်ပြောင်း၊ ပိုက်ဆံလျှော်သီနှံများကို မျိုးစေ့ထုတ်စိုက်ခင်းများ၊ အထွက်နှုန်းတိုးတက်ရေး စံပြကွက်များဖြင့် စိုက်ပျိုးထားရှိမှု၊ ထို့အပြင်ရှမ်းပြည်နယ်မှ ကနိုလာဆီမုန်ညင်း(၃)မျိုးအား ပညာပေးရန် စမ်းသပ်စိုက်ပျိုးထားရှိမှုနှင့် အီအမ်ဘို ကာရှီပြုလုပ်ထားရှိမှုတို့ကို တောင်သူများအားရှင်းလင်းဆွေးနွေးပြော ကြားသည်။
ဆက်လက်၍ ပြည်နယ်မျိုးစေ့တာဝန်ခံ ဒေါ်တင်မြင့်ရီက ဆောင်းသီးနှံမျိုးစေ့နမူနာများအားလည်းကောင်း၊ သီးနှံကာကွယ်ရေးတာဝန်ခံက သဘာဝပိုးသတ်ဆေး၊ မှိုသတ်ဆေးများပြုလုပ် နည်းစနစ်များအားလည်းကောင်း၊ မြေအသုံးချရေးတာဝန်ခံက အီအမ်ဘိုကာရှီ၊ စူပါဘိုကာရှီပြုလုပ်နည်းများ၊ ငါးအမိုင်နိုအက်ဆစ် ပြုလုပ်နည်းများ၊ မြေဆီလွှာချဉ်ငံဓာတ် တိုင်းတာနည်းစနစ်များအားလည်းကောင်း လက်တွေ့ပြုလုပ် ပညာပေးပြသကြပြီး မြေပဲမျိုးစေ့ချ စက်မောင်နှင်ခြင်းကိုလည်း သရုပ်ပြသကြသည်။
ထို့နောက် တောင်သူများသည် မျိုးသန့်ခြံအတွင်း စိုက်ပျိုးထားသော မျိုးစေ့ထုတ်စိုက်ခင်းများ၊ စံကွက်၊ စမ်းသပ်ကွက်များအား ကွင်းဆင်းလေ့လာကြရာ သက်ဆိုင်ရာကွင်းတာဝန်ခံများက တောင်သူများ၏ သိရှိလိုသည်များကို လိုက်လံဆွေးနွေးဖြေကြားပေးခဲ့ကြကြောင်းသိရသည်။
တင်ထွန်း(ပြန်/ဆက်)