ပေါက်တော ဖေဖော်ဝါရီ ၃
ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ကိုဗစ်-၁၉ရောဂါကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေးနှင့် ကျောင်းသား၊ ကျောင်းသူများ ကျန်းမာပျော်ရွှင်စွာ ပညာသင်ယူနိုင်ရေးအတွက် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး အကြိမ်ပြည့် ထိုးနှံပြီးစီးမှုကာလ (၅)လပြည့် ပြီးသောအသက် (၅)နှစ်မှ (၁၂)နှစ်အတွင်းရှိ ကျောင်းသူ၊ ကျောင်းသားများအား (Myancopharm) ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Booster dose) ထိုးနှံပေးခြင်းကို ယမန်နေ့နံနက်ပိုင်းက ပေါက်တောမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးဆန်းထွန်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူးနှင့်ဆရာ/ဆရာမများ၊ကျန်းမာရေးဝန်ထမ်းများမှ ကြီးကြပ်ဆောင်ရွက်ပေးခဲ့ပြီးကျောင်းသား/ကျောင်းသူများကို ကျန်းမာရေးစစ်ဆေးမှုများ ဆောင်ရွက်ပေးခဲ့ပြီး ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးကို လမ်းညွှန်ချက်များနှင့်အညီ စနစ်တကျထိုးနှံပေးခဲ့သည်။ ပေါက်တောမြို့နယ်အတွင်း ထပ်ဆောင်း ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး Booster Doseကို ဖေဖော်ဝါရီလ (၂)က်နေ့အထိ အသက်(၅)နှစ်မှ (၁၂)နှစ်အတွင်းရှိ ကျောင်း သား/သူ စုစုပေါင်း(၁၉၅၇၈)ဦးထိုးနှံပေးနိုင်ခဲ့ပြီး၊ ဆေးထိုးရန်ကျန်ရှိသည့် မြို့နယ်အတွင်းရှိအခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများကိုဆက်လက်ထိုးနှံပေးလျက်ရှိကြောင်းမြို့နယ်ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)