မာန်အောင်မြို့နယ် ပလင်ကျေးရွာအုပ်စု၊ ပလင်ကျေးရွာတွင် အခြေခံပညာအလယ်တန်းကျောင်းအဆင့်တိုးမြှင့်ဖွင့်လှစ်

မာန်အောင် ဖေဖော်ဝါရီ ၃

ရခိုင်ပြည်နယ်၊ မာန်အောင်မြို့နယ် ပလင်ကျေးရွာအုပ်စု၊ပလင်ကျေးရွာတွင် အခြေခံပညာအလယ်တန်းကျောင်း အဆင့်တိုးမြှင့်ဖွင့်လှစ်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီခွဲက အဆိုပါကျောင်း၌ ကျင်းပပြုလုပ်ခဲ့​သည်။

ရှေးဦးစွာ ကျောင်းဆိုင်းဘုတ်အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်ဦးကျော်မြ၊ ပြည်နယ်ပညာရေးမှူး (ငြိမ်း)ဦးတင်သိန်း၊ မြို့နယ်ပညာရေးမှူး ဦးအောင်စံကျော်၊ ပလင်ကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးမှူး ဦးမောင်ဝင်းလှိုင်တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြပြီး ကျောင်းဆိုင်းဘုတ်အား အမွှေးနံ့သာရည်များ ပက်ဖြန်း ပေးကြသည်။

ထို့နောက် အခမ်းအနားကိုဆက်လက်ကျင်းပရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်ဦးကျော်မြ၊ ပြည်နယ် ပညာရေးမှူး(ငြိမ်း) ဦးတင်သိန်းတို့ကအဖွင့်အမှာစကားပြောကြားရာတွင် အလယ်တန်းကျောင်းတိုးမြှင့် ဖွင့်လှစ်ပြီး ရောင့်ရဲတင်းတိမ်မနေကြဘဲ ကျောင်းဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်ကြရမည်ဖြစ်ကြောင်း၊ ဆရာ/ဆရာမများကလည်း ကျောင်းသား/ကျောင်းသူများအား ထူးချွန်ထက်မြက်ပြီး အကျင့်စာရိတ္တ ကောင်းမွန်တဲ့ကျောင်းသား/သူများပေါ်ထွန်းလာအောင် သင်ကြားပေးရမည်ဖြစ်ကြောင်း၊ မိဘ၊ဆရာ၊ ကျောင်းသားပူးပေါင်း ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် မြို့နယ်ပညာရေးမှူး ဦးအောင်စံကျော်က ကျောင်းများဖွင့်လှစ်ပေးခြင်းနှင့် အဆင့်တိုးမြှင့်ခြင်းများ ဆောင်ရွက်ရခြင်းအကြောင်းများကို ရှင်းလင်းပြောကြားသည်။ ယင်းနောက်ကျောင်းအုပ်ကြီး(တာဝန်ခံ) ဒေါ်မော်မော်နိုင်မှကျောင်း သမိုင်းဖြစ်စဥ်များကိုလည်းကောင်း၊ ကျောင်းကော်မတီဝင်တစ်ဦးက ကျေးဇူးတင်စကားကိုလည်းကောင်း၊ ပြောကြားကြပြီး ကျောင်းဖွင့်ပွဲအထိမ်းအမှတ်အလံများအား ပေးအပ်ခဲ့ကာ ကျောင်းသား/သူများက အကပဒေသာများဖြင့်ကပြဖျော်ဖြေခဲ့ကြောင်း သိရသည်။

သိန်းဖေ(ပြန်/ဆက်)