မြောက်ဦး ဖေဖော်ဝါရီ ၂
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့၌ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ အသိပညာပေးဟောပြောခြင်းကို ယနေ့မွန်းလွဲ (၁) နာရီအချိန်က မောင်ရွှီကန်ကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးသန်းဋ္ဌေးမှ ပတ်ဝန်းကျင်ပျက်စီးခြင်းအကြောင်း သိကောင်းစရာဟောပြောရာတွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ ပြန်လည်ထူထောင်ရေး၊ ဖန်တီးရေး၊ ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းစဉ်များတွင် တည်ရှိဆဲ ကောင်းမွန်နေသည့် သဘာဝပတ်ဝန်းကျင်အခြေအနေများကို တက်ကြွစွာထိန်းသိမ်းသည့် လုပ်ဆောင်မှုများပါဝင်သည်။ ကမ္ဘာကြီး၏ ဂေဟစနစ်ထိန်းသိမ်းကာကွယ်ရေးအတွက် အရေးပါသည့်လုပ်ငန်းစဉ်များတွင် လူတစ်ဦးချင်းလိုက်နာရမည့်အရာများရှိသကဲ့သို့ အစုအဖွဲ့လိုက် လိုက်နာစောင့်ထိန်းကာကွယ်ရမည့် အကြောင်းအရာများကို ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ ဒုတိယလက်ထောက်ဦးစီးမှူးမှလည်း ပတ်ဝန်းကျင်ထိန်းသိမ်းရေး အကြောင်းသိကောင်းစရာ ခေါင်းစဉ်ဖြင့်ဟောပြောရာတွင် အမှိုက်များကို စည်းကမ်းမဲ့စွန့်ပစ်ခြင်းသည် ပတ်ဝန်းကျင်ကို အလွန်ထိခိုက်စေနိုင်ပါသည်။ စွန့်ပစ်အမှိုက်များကို မိမိတို့ နေထိုင်သောပတ်ဝန်းကျင်တွင်ထားရှိသော အမှိုက်ပုံးများတွင် စနစ်တကျစွန့်ပစ်ကြရန်နှင့် မိမိတစ်ဦးတစ်ယောက်ကြောင့် ပတ်ဝန်းကျင်ကိုညစ်ညမ်းမှုမဖြစ်စေရန် ရှင်းလင်း ပြောကြားခဲ့သည်။
ထို့နောက် အသိပညာဟောပြောပွဲသို့ ဒေသခံပြည်သူများ (၅၁)ဦးခန့်တက်ရောက်ကြပြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
မြင့်စိုး ၊ စိုးငြိမ်းနိုင်