မအီ ဖေဖော်ဝါရီ ၂
ရခိုင်ပြည်နယ်၊ တောင်ကုတ်ခရိုင်၊ မအီမြို့ ပြည်သူ့စာကြည့်တိုက်တွင် လူငယ်များ အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရေး၊ အသိပညာဗဟုသုတတိုးပွားလာစေရေး၊ စာဖတ်သည့်အလေ့အထကောင်းများ ရရှိလာစေရန်နှင့် စာပေ၏အကျိုးကျေးဇူးများကို သိရှိနားလည်လာစေရန်ရည်ရွယ်၍ စာအုပ်စာစောင်များကို လူမျိုးဘာသာမရွေး အခမဲ့ငှားရမ်းပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ ပြည်သူ့စာကြည့်တိုက်မှ စာအုပ်စာစောင်များ ငှားရမ်းပေးခြင်းနှင့်ပတ်သက်၍ အဆိုပါစာကြည့်တိုက်ဝန်ထမ်း ဒေါ်လွင်လွင်ပြုံးက “စာကြည့်တိုက်ကို အပတ်စဉ် အင်္ဂါနေ့မှ စနေနေ့အထိ နံနက်(၉)နာရီမှ ညနေ(၄) နာရီ (၃၀)မိနစ်ထိ ဖွင့်လှစ်ထားရှိပါကြောင်း၊ အသင်းဝင်တစ်ဦးကို တစ်ကြိမ်လျှင် စာအုပ်(၂)အုပ်ငှားရမ်းနိုင်ပါကြောင်း၊ အသင်းဝင်သည်ဖြစ်စေ၊ မဝင်သည်ဖြစ်စေ မည်သူမဆို စာကြည့်တိုက်အတွင်း၌ စင်တင်ထားသည့်စာအုပ်များကို စာကြည့်တိုက်ဖွင့်ချိန်မှ ပိတ်ချိန်အထိ လွတ်လပ်စွာဖြင့် (အခမဲ့)ဖတ်ရှုနိုင်သကဲ့သို့ ပြသထားသောရုပ်သံအစီအစဉ်များကိုလည်း ကြည့်ရှုနိုင်ပါကြောင်း၊ စာကြည့်တိုက်အသင်းကို လူမျိုးမရွေး၊ ဘာသာမရွေး၊ အဆင့်အတန်းမရွေး၊ လူကြီးလူငယ်မရွေး၊ ကျား/မ မရွေးအသင်းဝင်ရောက်နိုင်ပြီး စာအုပ်များကို(အခမဲ့)ငှားရမ်းဖတ်ရှုနိုင်ပါကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ လူငယ်များ အချိန်ကိုအကျိုးရှိစွာအသုံးချတတ်စေရန် စာကြည့်တိုက်သို့ စာငှား/စာဖတ်အလေ့အကျင့်ကောင်းများရရှိလာစေရန် “ကျွန်မတို့ဌာနစာကြည့်တိုက်မှာ ပြည်သူလုထုဗဟုသုတရှာမှီးရရှိစေရန် ရည်ရွယ်ဖွင့်လှစ်ထားတဲ့ ပြည်သူတို့၏ ပြည်သူ့စာကြည့်တိုက်ပင်ဖြစ်ပါကြောင်း၊ အသင်းဝင်တို့၏ မိသားစု၊ မိတ်ဆွေအပေါင်းအသင်းများကို စာကြည့်တိုက်သို့ အခမဲ့စာလာဖတ်ရန်နှင့် စာအုပ်များငှားရမ်းနိုင်ရန်တို့အတွက် လက်ဆင့်ကမ်းခေါ်ဆောင်လာကြပါရန် မေတ္တာရပ်ခံဖိတ်ခေါ်ပါကြောင်း၊ စာပေချစ်မြတ်နိုးသူများကို မအီမြို့ ပြည်သူ့စာကြည့်တိုက်မှ လက်ကမ်းကြိုဆိုလျက်ရှိပါကြောင်းတို့ကို ဒေါ်လွင်လွင်လွင်ပြုံးက ထပ်မံပြောကြားခဲ့သည်။
မောင်မောင်ဋ္ဌေး