ပေါက်တော ဖေဖော်ဝါရီ ၂
ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့အောင်သစ္စာကျောင်းတိုက်ရှိ တည်ထားလျက်ရှိသော အောင်သိဒ္ဓိအောင်မင်္ဂလာပုထိုးစေတီတော်မြတ်၏ ထီးတော်တင်နှင့် ဋ္ဌာပနာပိတ်ပွဲအခမ်းအနားကို ယနေ့နံနက်(၉)နာရီအချိန်က အဆိုပါစေတီတော်၏ ရင်ပြင်တော်ရှေ့၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ အခမ်းအနားကို နမောတဿ (၃)ကြိမ်ရွတ်ဖတ်၍ဖွင့်လှစ်ကာ စစ်တွေဆရာတော်ကြီးထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး ကြွရောက်လာကြသော ဆရာတော်အရှင်သူမြတ်များက မေတ္တာသုတ်ပရိတ်တရားတော်မြတ်ကို ရွတ်ဖတ်ကြပြီးနောက် ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု (၃)ကြိမ်ရွတ်ဆို၍ အခမ်းအနားကိုရုပ်သိမ်းခဲ့သည်။ ထို့နောက် အောင်သိဒ္ဓိအောင်မင်္ဂလာစေတီတော်မြတ်ကြီး၏ ထီးတော်တင်အခမ်းအနားကိုကျင်းပရာ အောင်သစ္စာကမ္မဋ္ဌာန်းကျောင်းတိုက်မှ ပင့်ဖိတ်ထားသောဆရာတော်ကြီးများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဆန်းထွန်းနှင့် အဖွဲ့ဝင်များ၊ ဖိတ်ကြားထားသောဧည့်သည်တော်များ၊ ကျောင်းဒကာ/ဒကာမများက ထီးတော်အဆင့်(၉)ဆင့်ကို တစ်ဆင့်ချင်းစီဖြင့် ရထားယာဉ်ဖြင့်ပင့်ဆောင်တင်လှူပူဇော်ကြပြီး ဖေဖော်ဝါရီ(၃)ရက်နေ့တွင် စေတီတော်၏ ဋ္ဌပနာတော်ကို ပိတ်သိမ်းမည်ဖြစ်ကြောင်း ဂေါပကဥက္ကဋ္ဌမှပြောကြားသည်။ အဆိုပါစေတီတော်၏ ဉာဏ်တော်အမြင့်မှာ (၂၇)ပေရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)