မာန်အောင်မြို့နယ် ဘဲအင်းကျေးရွာအုပ်စု၊ ဘဲအင်းကျေးရွာတွင် အခြေခံပညာအလယ်တန်းကျောင်း(ခွဲ) ဖွင့်လှစ်

မာန်အောင် ဖေဖော်ဝါရီ ၁

ရခိုင်ပြည်နယ် မာန်အောင်မြို့နယ် ဘဲအင်းကျေးရွာအုပ်စု၊ ဘဲအင်းကျေးရွာတွင် အခြေခံပညာအလယ်တန်း ကျောင်း(ခွဲ)အဆင့်တိုးမြှင့်ဖွင့်လှစ်ပွဲအခမ်းအနားကို ယနေ့နံနက်၇နာရီခွဲက အဆိုပါကျောင်း၌ကျင်းပ ပြုလုပ်ခဲ့​သည်။

ရှေးဦးစွာ ကျောင်းဆိုင်းဘုတ်အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးမင်းဇော်ဟိန်း၊အဖွဲ့ဝင်ဗိုလ်မှူးသူရိန်စိုး၊ဦးကျော်မြ၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၊ မြို့နယ်ဦးစီးမှူး ဦးရန်ငြိမ်း ၊ မြို့နယ်ပညာရေးမှူးဦးအောင်စံကျော်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး ဆိုင်းဘုတ်အားအမွှေးနံ့သာရည်များ ပက်ဖျန်းပေးကြသည်။

ထို့နောက် အခမ်းအနားကိုဆက်လက်ကျင်းပရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းဇော်ဟိန်းက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပညာရေးမှူး ဦးအောင်စံကျော်က ကျောင်းများဖွင့်လှစ်ပေးခြင်းနှင့် အဆင့်တိုးမြှင့်ခြင်းများဆောင်ရွက်ရခြင်းအကြောင်းများကိုရှင်းလင်းပြောကြားသည်။ ယင်းနောက်ကျောင်း အုပ်ဆရာမကြီးဒေါ်ခင်ဝင်းမှ ကျောင်းသမိုင်းဖြစ်စဉ်နှင့်ကျေးဇူးတင်စကားပြောကြားခဲ့ပြီး ကျောင်းဖွင့်ပွဲအထိမ်းအမှတ်အလံများအား ပေးအပ်ကာ ကျောင်းသား/သူများကအကပဒေသာများဖြင့် ကပြ​ဖျော်ဖြေခဲ့ကြသည်။

မာန်အောင်မြို့နယ်တွင် ယနေ့အလားတူအခြေခံပညာအလယ်တန်းကျောင်း(ခွဲ)အဆင့်တိုးမြှင့် ဖွင့်လှစ်ပေးခြင်းကို ညောင်ပင်လှကျေးရွာနှင့်ညောင်ကုန်းကျေးရွာတို့တွင် ဆက်လက်ဖွင့်လှစ်ပေးခဲ့ရာ ကျေးရွာသူ/သားများမှာ ပျော်ရွှင်ဝမ်းမြောက်လျက်ရှိကြောင်းသိရသည်။

သိန်းဖေ(ပြန်/ဆက်)