ကျောက်တော် ဖေဖော်ဝါရီ ၁
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ကျောက်တော်မြို့၌ ပွင့်လင်းရာသီသို့ရောက်ရှိလာပြီဖြစ်၍ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် မိဘပြည်သူများသိရှိရမည့် အကြောင်းအရာများအား ယနေ့မွန်းလွဲ ၂ နာရီအချိန်က မြို့နယ်မီးသတ်ဦးစီးဌာနမှ တပ်ဖွဲ့ဝင်များက မြို့ပေါ်ရပ်ကွက်များအတွင်း လှည့်လည်ဆော်သြခဲ့ကြောင်း သိရသည်။
ထို့သို့ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးလှည့်လည်ဆော်သြခြင်းများဆောင်ရွက်ရာသို့ ကျောက်တော်မြို့နယ်မီးသတ်ဦးစီးဌာနမှ လက်ထောက်မီးသတ်ဦးစီးမှူး ဦးစိုးမြင့် ဦးဆောင်သော မီးသတ်တပ်ဖွဲ့ဝင်များက ယခုအခါပွင့်လင်းရာသီသို့ ရောက်ရှိလာပြီဖြစ်သဖြင့် မိဘပြည်သူများ၊ ကလေးသူငယ်များ၊ သက်ကြီးရွယ်အိုများ၊ လုပ်ငန်းရှင်များ၊ ဌာနဆိုင်ရာရုံးများတွင် မီးဘေးလုံခြုံရေးအတွက် မီးသတ်ဦးစီးဌာနမှချမှတ် ထားသော စည်းကမ်းချက်များနှင့် လိုက်နာဆောင်ရွက်ထားရှိကြရန်နှင့် မော်တော်ယာဉ်များ၊ စက်သုံးဆီအရောင်းဆိုင်များ၊ ဟိုတယ်နှင့်တည်းခိုရိပ်သာများ၊ ဌာနဆိုင်ရာရုံးအဆောက်အဦများ၊ တပ်ရင်းတပ်ဖွဲ့များ၊ ပုဂ္ဂလိကရုံးများ စသောနေရာများ၌ မီးဘေးကြိုတင်ကာကွယ်ရန်အတွက် ထားရှိရန်လိုအပ်သောမီးငြှိမ်းသတ်ရေးပစ္စည်းများဖြစ်သည့် မီးချိတ်၊ မီးကပ်၊ ရေပုံး၊ သဲပုံး၊ မီးသတ်လှေကားနှင့် မီးသတ်ဆေးဘူးများ တပ်ဆင်ထားရှိကြရန်လိုအပ်ကြောင်း၊ မီးလောင်မှုဖြစ်ပွါးပါက မီးသတ်ဦးစီးဌာနသို့ အမြန်ဆုံးဆက်သွယ်ရမည့်ဖုန်းနံပါတ်များအား အများပြည်သူများသိရှိနိုင်ရေး အသိပေးလှည့်လည်ဆော်သြခဲ့ကြကြောင်း သိရှိရသည်။
ခင်မောင်ထွန်း