မအီ ဖေဖော်ဝါရီ ၁
အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ အမှတ်(၂)တပ်မတော်ဆေးရုံ ကုတင်(၃၀၀) နယ်လှည့်ဆေးကုသရေးအဖွဲ့မှ ပါရဂူများ၊ ဆေးမှူးများ၊ သူနာပြုများပါဝင်သော ဆေးကုသရေးအဖွဲ့က ရခိုင်ပြည်နယ်၊ တောင်ကုတ်ခရိုင်၊ မအီမြို့၊ ရတနာ့မာရ်အောင်တောရဓမ္မရိပ်သာ၌ မအီမြို့နယ် ရပ်ကွက်/ကျေးရွာများမှ သံဃာတော်များ၊ သာသနာ့နွယ်ဝင်သီလရှင်များနှင့် ဒေသခံပြည်သူ(၈၇၂)တို့အား အခမဲ့ ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ခဲ့ကြောင်း သိရသည်။
ဖော်ပြပါ ကျန်းမာရေးစောင့်ရှောက်မှုကို အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ အမှတ်(၂) တပ်မတော်ဆေးရုံ ကုတင်(၃၀၀)မှ အထွေထွေရောဂါကုသမားတော် ဗိုလ်ကြီးအောင်မြင့်မြတ်က ဦးဆောင်၍ ပါရဂူများ၊ ဆေးမှူးများ၊ သူနာပြုများပါဝင်သောဆေးအဖွဲ့မှ ကွင်းဆင်းဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ ထိုသို့ အခမဲ့ဆေးဝါးကုသခြင်းများ ဆောင်ရွက်ခြင်းများကို ဇန်နဝါရီ ၃၀ ရက်နေ့မှ ဖေဖော်ဝါရီ ၁ ရက်နေ့ ယနေ့နံနက်ပိုင်းအထိ မျက်စိရောဂါ၊ သွားရောဂါ၊ ကလေးရောဂါ၊ နား နှာခေါင်း လည်ချောင်းရောဂါ၊ ခွဲစိပ်ရောဂါနှင့် အခြားအထွေထွေရောဂါလူနာများအား လိုအပ်သည့်ဆေးဝါးကုသမှုများဆောင်ရွက်ပေးပြီး ECG နှင့် အမ်ထရာဆောင်းတို့ဖြင့် ရောဂါရှာဖွေစမ်းသပ်ပေးခြင်းများ ဆောင်ရွက်ပေးခဲ့ရာ ဇန်နဝါရီ ၃၀ ရက်နေ့တွင် ၂၉၄ ဦး၊ ၃၁ ရက်နေ့တွင် ၄၅၂ ဦးနှင့် ယနေ့နံက်ပိုင်းတွင် ၁၂၆ ဦး စုစုပေါင်း ၈၇၂ ဦးတို့အား ကျန်းမာရေးစောင့်ရှောက်မှုများ ပေးနိုင်ခဲ့သည်။
အဆိုပါ တပ်မတော်နယ်လှည့်ဆေးကုသရေးအဖွဲ့မှ ဒေသခံပြည်သူများအား အချိန်နှင့်တပြေးညီ ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးနိုင်ရေးအတွက် မအီမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ စီစဉ်ဆောင်ရွက်မှုဖြင့် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများမှတစ်ဆင့် ဒေသခံပြည်သူများသို့ အသိပေးဆော်ဩခြင်း၊ ဆေးကုသမည့်နေရာများတွင်လည်း မြို့အုပ်ချုပ်ရေးမှူးဦးကျော်ပုနှင့် ဝန်ထမ်းများ၊ မအီနယ်မြေရဲစခန်းမှ စခန်းမှူးရဲအုပ်ချစ်ထွန်းနှင့် တပ်ဖွဲ့ဝင်များ၊ မအီတိုက်နယ်ဆေးရုံမှ ဝန်ထမ်းများ၊ နယ်မြေမီးသတ်စခန်းမှ တပ်ဖွဲ့ဝင်များက လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
မောင်မောင်ဋ္ဌေး