ဂွမြို့နယ်တွင် အခြေခံစားသောက်ကုန်နှင့် ဟင်းသီးဟင်းရွက်များ သက်သာသောစျေးနှုန်းဖြင့် ရောင်းချပေး

ဂွ ဖေဖော်ဝါရီ ၁

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင် မြို့နယ်အတွင်းရှိပြည်သူများ စားသောက်ရေးအထောက်အကူဖြစ်စေရန်အတွက် နယ်မြေခံတပ်ရင်းမှ တာဝန်ရှိသူများက ယနေ့နံနက်ပိုင်းတွင် မြို့နယ်စည်ပင်သာယာပန်းခြံရှေ့၌ အခြေခံစားသောက်ကုန်ပစ္စည်းနှင့် ဟင်း သီးဟင်းရွက်များအား သက်သာသောစျေးနှုန်းဖြင့် ပြည်သူများအား ရောင်းချပေးခဲ့သည်။

အဆိုပါ အခြေခံစားကုန်နှင့် ဟင်းသီးဟင်းရွက်များအား သက်သာသောစျေးနှုန်းဖြင့် ရောင်းချပေးခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇာနည်ကျော်နှင့် အဖွဲ့ဝင်များက ကြည့်ရှုအားပေးခဲ့ကြသည်။ အဆိုပါ စားသောက်ကုန်နှင့် ဟင်းသီးဟင်းရွက်များအား နယ်မြေခံတပ်ရင်းနှင့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများက ဆန်၊ အသား၊ ငါး၊ ကြက်ဥ၊ ပဲ၊ စည်သွတ်ဘူး၊ ငံပြာရည်၊ ခေါက်ဆွဲခြောက်၊ ကြာဆန်၊ စားတော်ပဲဘူး၊ ပဲထောပတ်ဘူး၊ ပဲခရမ်းချဉ်ဘူး၊ ငါးသလောက်ဘူး၊ သရက်သီးသနပ်ဘူး၊ ငါးပိကြော်၊ ကန်စွန်းရွက်၊ ချဉ်ပေါင် စသည့် အခြေခံစားသောက်ကုန်ပစ္စည်းများနှင့် ဒေသထွက်ဟင်းသီးဟင်းရွက်များကို သက်သာသောစျေးနှုန်းဖြင့်ရောင်းချပေးခဲ့ကြောင်း သိရသည်။

ရွှေရည်ဝင်းကျော်