စစ်တွေ ဖေဖော်ဝါရီ ၁
ရခိုင်ပြည်နယ်တွင် (၇၆) နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေးနှင့် ဌာနဆိုင်ရာစုပေါင်းထမနဲထိုးပွဲ ကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နေ့လယ် ၂ နာရီက ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
ညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရက ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ကျရောက်မည့် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားကို စစ်တွေမြို့၊ ဝေသာလီအားကစားကွင်း၌ စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေးနှင့် ဌာနဆိုင်ရာများ စုပေါင်းထမနဲထိုးပွဲကို စစ်တွေမြို့၊လောကာနန္ဒာစေတီတော်ပုရဝုဏ်အတွင်း၌ အောင်မြင်စွာကျင်းပ နိုင်ရေးအတွက် ညှိနှိုင်းအစည်း အဝေးဖြစ်ကြောင်း၊ အလားတူပြည်ထောင်စုနေ့အထိမ်းအမှတ် အသေးစား၊ အငယ်စားနှင့်အလတ်စားစီးပွား ရေးလုပ်ငန်းများ(MSME) ပြပွဲနှင့် စပ်လျဉ်းသည့်ပြပွဲများ ဆင်ယင်ပြသခြင်း၊ တေးဂီတဖျော်ဖြေပွဲများအား စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက်ဦးစီးကော်မတီနှင့်လုပ်ငန်း ကော်မတီများလည်း ဖွဲ့စည်းထားပြီး ဖြစ်ကြောင်း၊ ဦးစီးကော်မတီနှင့် လုပ်ငန်းကော်မတီများအနေဖြင့် ဆောင်ရွက်ရမည့် လုပ်ငန်းကော်တီအလိုက် ညှိနှိုင်းပေါင်းစပ်ကာ သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးအောင် ဆောင်ရွက်ကြရန်နှင့် လိုအပ်ချက်များ ရှိပါကဦးစီး ကော်မတီသို့တင်ပြပေးကြရန် ပြောကြားသည်။
ထို့နောက် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး၊ ညွှန်ကြားရေးမှူး ဦးရဲထွန်းဇော်က (၇၆) နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားကျင်းပရေးဦးစီးကော်မတီနှင့် လုပ်ငန်းကော်မတီများ ဖွဲ့စည်းတာဝန်ပေးအပ်ထားသည့် ကော်မတီဖွဲ့စည်းမိန့်အားလည်းကောင်း၊ ပြည်နယ်အစိုးရအဖွဲ့ရုံး၊ ညွှန်ကြားရေးမှူး ဦးစိုးဝင်းက ဌာနဆိုင်ရာများစုပေါင်း ထမနဲထိုးပွဲကျင်းပရေးဦးစီးကော်မတီနှင့် လုပ်ငန်းကော်မတီများ ဖွဲ့စည်းတာဝန်ပေးအပ်မည့် (မူကြမ်း)အား လည်းကောင်း ရှင်းလင်းတင်ပြကြသည်။
ဆက်လက်၍ အခမ်းအနားများကျင်းပရေးလုပ်ငန်းကော်မတီအတွင်းရေးမှူးများ ဖြစ်ကြသော ပြည်နယ်အဆင့် ဌာနဆိုင်ရာများက မိမိတို့ကော်မတီအလိုက် လုပ်ငန်းဆောင်ရွက်ထားရှိမှုနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များကို ရှင်းလင်းတင်ပြကြရာ ပြည်နယ်အစိုးရ အဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများက ဖြည့်စွက် ဆွေးနွေးပေးကြသည်။
ဆွေးနွေးတင်ပြချက်များအပေါ် ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးက ဖြည့်စွက်ဆွေးနွေးပေးကာ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းပေးပြီး နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
တင်ထွန်း(ပြန်/ဆက်)