ကျောက်ဖြူ ဇန်နဝါရီ ၃၁
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၊ အထက(ခွဲ)အလက(၂)မြို့မကျောင်း၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်ကျောင်းကောင်စီဖလား အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လု ပွဲကို ယမန်နေ့ မွန်းလွဲ(၂)နာရီက အစိုးရရပ်ကွက်ရှိ မြို့မအားကစားဘောလုံးကွင်းကြီး၌ ကျင်းပပြုလုပ်သည်။
ကျောင်းကောင်စီဖလား ဘောလုံးပြိုင်ပွဲဗိုလ်လုပွဲတွင် ဗန္ဓုလအသင်းနှင့်အလောင်းဘုရားအသင်းတို့ ဗိုလ်လုပွဲဖြစ်သည်နှင့်အညီတစ်ဘက်နှင့်တစ်ဘက် အကြိတ်အနယ်ယှဉ်ပြိုင်ကစားခဲ့ကြပြီး ပထမပိုင်းပွဲချိန် ၄၅ မိနစ်ပြီးဆုံးချိန်အထိ တစ်ဘက်နှစ်ဂိုး-နှစ်ဂိုးစီဖြင့်သရေကျနေ ခဲ့သည်။ ထို့နောက် ဒုတိယပိုင်းအားဆက်လက်ယှဉ်ပြိုင်ကစားရာ ပွဲချိန် ၆၅ မိနစ်ခန့်တွင် ဗန္ဓုလအသင်းက အလောင်းဘုရားအသင်းကို အနိုင်ဂိုးသွင်းယူပြီး မိနစ်၉၀ ပွဲပြီးဆုံးချိန်တွင် ဗန္ဓုလ အသင်းမှ အလောင်းဘုရားအသင်းကို သုံးဂိုး- နှစ်ဂိုးဖြင့်အနိုင်ရရှိသွားသည်။ ထို့နောက် ဆုပေးပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ မြို့နယ်ပညာရေးမှူးရုံးမှ ဒုတိယဦးစီးမှူး ဦးဝင်းဇော်မှဒုတိယဆုရရှိသည့် အလောင်းဘုရားအသင်းအား ဆုငွေနှစ်သောင်းကျပ်အားလည်းကောင်း၊ အထက(ခွဲ) အလက(၂) မြို့မကျောင်းအုပ်ဆရာမကြီး ဒေါ်ငွေသန်းကြည်က ပထမဆုရရှိသည့်ဗန္ဓုလအသင်းအား ဆုငွေသုံးသောင်းကျပ်နှင့် အောင်နိုင်ရေးဒိုင်းဆုအားလည်းကောင်းအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြသည်။
အဆိုပါ ကျောင်းကောင်စီဖလား အမျိုးသားဘောလုံးပြိုင်ပွဲကို ဇန်နဝါရီ ၂၅ ရက်နေ့မှစတင်ကျင်းပခြင်းဖြစ်ကာ အနော်ရထာ၊ ကျန်စစ်သား၊ ဘုရင့်နောင်၊ အလောင်းဘုရား၊ ဗန္ဓုလစသည့် အသင်းငါးသင်းတို့ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ဆရာမများ၊ ကျောင်းသား၊ကျောင်းသူများက ပျော်ရွှင်စွာဖြင့် တစ်ခဲနက်အားပေးခဲ့ကြကြောင်း သိရသည်။
တင်ထွန်းဦး (ပြန်/ဆက်)