တွံတေး ဇန်နဝါရီ ၃၁
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်တွင် လူငယ်များဖွံ့ဖြိုးတိုးတက်ရေးအတွက် လူငယ်စကားဝိုင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းကို ယမန်နေ့ နေ့လယ်(၁)နာရီက ကံဘဲ့ကျေးရွာအုပ်စု၊ ကံဘဲ့ကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ကံဘဲ့)၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးသက်ဦးက အဖွင့်အမှာစကားပြောကြားရာတွင် ကျောင်းသား၊ ကျောင်းသူများ လူငယ်စကားဝိုင်းမှ အသိဉာဏ်ပညာ၊ ဗဟုသုတများ ပိုမိုရရှိစေရေး၊ စကားပြော အတတ်ပညာ ကျွမ်းကျင်တတ်မြောက်ပြီး လိမ္မာပါးနပ်စွာပြောဆို ဆက်ဆံတတ်စေရေး၊ တစ်ဦးနှင့်တစ်ဦး အသိပညာအတွေ့အကြုံဖလှယ် ဆွေးနွေးခြင်းဖြင့် အတွေ့အကြုံအသစ်များ ရရှိစေရေး၊ လူငယ်အချင်းချင်း ရင်းနှီးချစ်ခင်မှုများ တိုးပွားလာစေရန်ရည်ရွယ်၍ ကျင်းပခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် လူငယ်စကားဝိုင်းဆွေးနွေးမည့် ကျောင်းသား၊ ကျောင်းသူများနှင့် Moderator တို့မှ နေရာယူပြီး ဆွေးနွေးမည့် ကျောင်းသား၊ ကျောင်းသူများအား Moderator မှ ဦးဆောင်မိတ်ဆက်ပေးကာ Grade-10 မှ မောင်ကောင်းငြိမ်းကျော်က လူငယ်နှင့်စာပေ၊ Grade-10 မှ မရွှန်းလဲ့ထွန်းက လူငယ်နှင့်စာရိတ္တ၊ Grade-10 မှ မောင်ခန့်ကိုကိုက လူငယ်နှင့်ယဉ်ကျေးမှု၊ Grade-10 မှ မသူသူဆင့်က လူငယ်နှင့်ကျန်းမာရေး ခေါင်းစဉ်များဖြင့် ဦးဆောင်ဆွေးနွေးခဲ့ကြသည်။
ယင်းနောက် တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများက မိမိတို့သိရှိလိုသည်များ မေးမြန်းဆွေးနွေးရာ ဦးဆောင်ဆွေးနွေး သူများက ပြန်လည်ရှင်းလင်းဆွေးနွေးကြပြီး အ.ထ.က(ကံဘဲ့) ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်ခင်သောင်းက ကျေးဇူးတင်စကား ပြန်လည် ပြောကြားခဲ့သည်။
ဆက်လက်၍ ဆွေးနွေးပွဲသို့ ကျောင်းသား၊ ကျောင်းသူ(၁၅၀)ဦး တက်ရောက်ခဲ့ကြသည်။ ယင်းနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနမှ နံရံကပ်စာစောင်ပြပွဲ၊ စာအုပ်ပြပွဲအား ခင်းကျင်းပြသထားရာတက်ရောက်လာကြသော ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။
တွံတေးသား