ဂွမြို့လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ "လူငယ်နှင့်စာဖတ်ခြင်း၏ အကျိုးကျေးဇူး" လူငယ်စကားဝိုင်း ကျင်းပ

ဂွ  ဇန်နဝါရီ ၃၁

ရခိုင်ပြည်နယ်၊သံတွဲခရိုင်၊ ဂွမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီး၍ အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် လူငယ်စကားဝိုင်းကို ယနေ့မွန်းတည့် ၁၂ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ရွှေရည်ဝင်းကျော် လူငယ်စကားဝိုင်း ကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး  မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးဇော်ဝင်းက လူငယ်နှင့် အားကစားအကြောင်းအရာအားရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးခိုင်မိုးမင်းက ဦးဆောင်၍ "လူငယ်နှင့်စာဖတ်ခြင်း၏ အကျိုးကျေးဇူး" ခေါင်းစဉ်ဖြင့် ဆွေးနွေးခဲ့ကြရာ အမှတ်(၁) အ.လ.က(ခွဲ) ကင်းရုံးကျောင်း Grad-7 မှကျောင်းသား ကျောင်းသူဖြစ်သည့်  ကျောင်းသားမောင်ရဲမင်းအောင်က လူငယ်နှင့်စာဖတ်ခြင်း၏ အကျိုးကျေးဇူး ခေါင်းစဉ်အောက်မှ “လူငယ်တွေစာဖတ်ဖို့” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ကျောင်းသားမောင်စွမ်းရည်ထက်က “စာဖတ်ခြင်းဖြင့် ဘဝတိုးတက်ရေး” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ကျောင်းသူ မသင်းသုသုဟန်က “လူငယ်နှင့် စာဖတ်ဖို့ဝါသနာ”ခေါင်းစဉ်ဖြင့် လည်းကောင်း၊ကျောင်းသူမငြိမ်းအိအိဖြူက “လူငယ်နှင့်အမြင်” ခေါင်းစဉ်များဖြင့်လည်းကောင်း ဆွေးနွေးခဲ့ကြကြောင်းနှင့် အ.လ.က(ခွဲ) ကင်းရုံး(၁)မှ ဆရာမဒေါ်ရူပါကျော်က လူငယ်စကား ဝိုင်းကျင်းပခြင်းနှင့် ပတ်သက်၍ ကျေးဇူးတင်စကားပြောကြားခဲ့သည်။ ထိုသို့လူငယ်စကားဝိုင်းတွင် ဆွေးနွေးခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများအား မြို့နယ်ပြန်/ဆက်ဦးစီးမှူးနှင့် မြို့နယ်အား/ကာဦးစီးဌာနမှ ဒုဦးစီးမှူးတို့က အမှတ် တရလက်ဆောင်များ ပေးအပ်ခဲ့ကြကြောင်းနှင့် အခမ်းအနား တက်ရောက်လာသည့် ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသသည့် နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲအား စိတ်ဝင်တစား ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။

အဆိုပါ လူငယ်စကားဝိုင်းကို လူငယ်များအသိပညာဗဟုသုတ ပြည့်စုံစေရန်၊ လူအများရှေ့တွင် ပြောရဲဆိုရဲရှိသည့်သတ္တိများရှိလာစေရန်၊ လူငယ်အချင်းချင်း အသိပညာအတတ်ပညာဖလှယ်နိုင်စေရန်နှင့် စာဖတ်ခြင်းဖြင့် အတွေးအမြင် ကောင်းများရရှိစေရန်အတွက် ရည်ရွယ်၍ ကျင်းပပေး ခြင်းဖြစ်ကြောင်း သိရသည်။

ရွှေရည်ဝင်းကျော်