စစ်တွေ ဇန်နဝါရီ ၃၁
အမှတ်(၅) လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု(စစ်တွေ)မှ လူကုန်ကူးမှုဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက်ပိုင်းက စစ်တွေမြို့၊ အမှတ် (၁) အခြေခံပညာအထက်တန်း ကျောင်း၌ကျင်းပသည်။
ဟောပြောပွဲတွင် အမှတ်(၅) လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု(စစ်တွေ)မှ ရဲမှူးမျိုးလွင်က လူကုန်ကူး မှုဖြစ်ပေါ်လာပုံ၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေ၊ ကလေးသူငယ်များအား လူကုန်ကူးခြင်းရည်ရွယ်ချက် နှင့် လူကုန်ကူးမှုဖြစ်စဉ်များကို အသိပညာပေးဆွေးနွေးပြောကြားသည်။
ထို့နောက် တက်ရောက်လာကြသော ဆရာ၊ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူလေးများ က လူကုန်ကူး ဖြစ်စဉ်များနှင့်ပတ်သက်၍ သိရှိလိုသည်များကို မေးမြန်းဆွေးနွေးကြရာ ရဲမှူးမျိုးလွင်နှင့် တာဝန်ရှိသူများက ပြန်လည်ဆွေးနွေးပြောကြသည်။ဆက်လက်၍ အမှတ်(၅) လူကုန်ကူးမှုတားဆီး နှိမ်နင်းရေးရဲတပ်ဖွဲ့စု (စစ်တွေ)မှ တပ်ဖွဲ့ဝင်များက လူကုန်ကူးမှုဆိုင်ရာအသိပညာပေးလက်ကမ်းစာစောင်များအား ဆရာ၊ဆရာမ များနှင့် ကျောင်းသား၊ကျောင်းသူလေးများအားဖြန့်ဝေပေးကြသည်။
အဆိုပါ အသိပညာပေးဟောပြောပွဲသို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီး၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း (၁၈၅) ဦးတက်ရောက်ခဲ့ကြကြောင်းသိရသည်။
တင်ထွန်း(ပြန်/ဆက်)