ပုဏ္ဏားကျွန်းမြို့၌ လူငယ်စကားဝိုင်းဆွေးနွေးပွဲကျင်းပ

ပုဏ္ဏားကျွန်း ဇန်နဝါရီ ၃၁

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသား၊ကျောင်းသူများ ဗလငါးတန်ဘက်စုံဖွံ့ဖြိုးတိုးတက်လာစေရန်ရည်ရွယ်ပြီး လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယမန်နေ့၊ မွန်းလွဲ(၂)နာရီက ပုဏ္ဏားကျွန်းမြို့ အခြေခံပညာအထက်တန်း ကျောင်းခန်းမတွင် ကျင်းပခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဦးအောင်ဆွေက လူငယ်စကားဝိုင်း ကျင်းပရခြင်း၏ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်သန်းသန်းအေး၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးခင်မောင်ဌေးတို့က ကျောင်းသား၊ကျောင်းသူများ ဗလငါးတန်ဖွံ့ဖြိုးဖို့ လူငယ်နှင့်ပညာရေး၊ လူငယ်နှင့်အားကစား ခေါင်းစဉ်တို့ဖြင့် ဆွေးနွေးကြရန်ရှင်းလင်းမှာကြားခဲ့သည်။

လူငယ်စကားဝိုင်းတွင် Grade-11 ကျောင်းသား/သူ(၄)ဦးတို့က လူငယ်နှင့်ပညာရေး၊ လူငယ်နှင့်အားကစား၊ လူငယ်နှင့်စာရိတ္တခေါင်းစဉ်တို့ဖြင့်  ဝိုင်းဖွဲ့ဦးဆောင်ဆွေးနွေးခဲ့ကြရာ ကျောင်းသား/ သူများကသိရှိလိုသည်များကို မေးမြန်းကြရာ ဦးဆောင်ဆွေးနွေးသူတို့က ပြန်လည်ရှင်းလင်း ဖြေကြားခဲ့ကြသည်။ လူငယ်စကားဝိုင်းသို့ ဆရာ/မများနှင့်ကျောင်းသား၊ ကျောင်းသူ(၂၅၀)ဦး တက်ရောက်ခဲ့ကြောင်းသိရသည်။

နီထွန်းအောင်(ပြန်/ဆက်)