မောင်တော ဇန်နဝါရီ ၃၁
ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဖလား အမျိုးသား အလွတ်တန်းဘောလုံးပြိုင်ပွဲဖွင့်ပွဲကို ယမန်နေ့မွန်းလွဲ၃ နာရီအချိန်က မြို့မအားကစားကွင်းတွင် ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြိုင်ပွဲများအသင်းများက အားကစားကွင်းအတွင်း နေရာယူပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌအားအလေးပြုကာအသင်းများအားအပ်နှံခဲ့ သည်။ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေဦးက အဖွင့်အမှာစကားပြောကြားရာတွင် ပြိုင်ပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်ဖြစ်သော စုပေါင်းပါဝင်ဆောင်ရွက်တတ်စေရန်နှင့် မိမိ၏တာဝန်ဝတ္တရားများကိုကျေပွန်စွာ ထမ်းဆောင်နိုင်ပြီး၊ အားကစား၏ အနှစ်သာရကို ပေါ်လွင်လာစေရန်၊ မူးယစ်ဆေးဝါးကင်းစင်၍ ကျန်းမာကြံ့ခိုင်သော လူသားအရင်းအမြတ်များ ပေါ်လာစေရန်၊ ထူးခွန်ထက်မြတ်သည့် အလားအလာရှိသော မျိုးဆက်သစ် အားသစားသမားများ ပေါ်ထွန်းလာစေရန် ဆိုတဲ့မြင့်မားသော စသည့် ရည်ရွယ်ချက်များနှင့်ကျင်းပရ ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ ဆက်လက်၍ နယ်မြေခံစစ်ဆင်ရေးကွပ်ကဲရေးမှူး၊ ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာအကြီးအကဲများက ပြိုင်ပွဲဝင်အသင်းများအား လိုက်လံနှုတ်ဆက်ခဲ့ကြပြီး ပြိုင်ပွဲဝင်အသင်းများက အားကစားသစ္စာအဓိဌာန်ရွက်ဆိုခဲ့သည်။ ယင်းနောက် (၇၆) နှစ်မြောက်ပြည်ထောင်စုနေ့ အထိမ်း အမှတ် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အမျိုးသား အလွတ်တန်း ဘောလုံးပြိုင်ပွဲအား နယ်မြေခံစစ်ဆင်ရေး ကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ်သူရိန်ထွန်းက ဘောလုံးကန်၍ ဖွင့်လှစ်ခဲ့ပြီး အမျိုးသား အလွတ်တန်းဘောလုံးပြိုင်ပွဲအားကျင်းပရာ “ရွှေဘူးသီး”နှင့် “Western Border City F.C” အသင်းတို့ယှဉ်ပြိုင်ကစားခဲ့ကြသည်။ ပြိုင်ပွဲတွင်အသင်း(၆)သင်း ပါဝင်ယှဉ်ပြိုင်ကစားမည်ဖြစ်ရာ ပြိုင်ပွဲကို (၃၀-၁-၂၀၂၃)နေ့မှ(၁၀-၂-၂၀၂၃)နေ့အထိ ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။
သက်လွင်စိုး၊အောင်ကျော်စိန် ခရိုင်(ပြန်/ဆက်)