မအီမြို့၌ ဒေသခံပြည်သူများအား တပ်မတော်နယ်လှည့်ဆေးကုသရေးအဖွဲ့မှ အခမဲ့ကွင်းဆင်းကုသ

မအီ ဇန်နဝါရီ  ၃၁

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့၌ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ အမ်းမြို့ အမှတ်(၂)တပ်မတော်ဆေးရုံ ကုတင်(၃၀၀)မှ နယ်လှည့်ဆေးကုသရေးအဖွဲ့က မအီမြို့နှင့် ပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူများအား အခမဲ့ဆေးဝါးကုသပေးခြင်းများကို ယနေ့နံနက်ပိုင်းက မအီမြို့၊ ရတနာမာရ်အောင်တောရဓမ္မရိပ်သာ၌ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဖော်ပြပါ နယ်လှည့်ဆေးကုသရေးအဖွဲ့ကို အမှတ်(၂) တပ်မတော်ဆေးရုံ ကုတင်(၃၀၀)မှ အထွေထွေရောဂါကုသမားတော် ဗိုလ်ကြီးအောင်မြင့်မြတ်က ဦးဆောင်၍ ဆေးအဖွဲ့(၁၅)ဦးတို့မှ ကွင်းဆင်းဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ ထိုသို့ အခမဲ့ဆေးဝါးကုသခြင်းများဆောင်ရွက်ခဲ့ရာတွင် ဖျားနာလူနာ ၁၁၆ ဦး၊  ခွဲစိတ်လူနာ ၃၄ ဦး၊ အရိုးအကြောလူနာ ၆၅ ဦး၊ မျက်စိလူနာ ၃၆ ဦး၊ သွားလူနာ ၂၀ ဦးနှင့် နား ၊နှာခေါင်း၊ လည်ချောင်းလူနာ ၂၃ ဦးတို့၌ သံဃာတော် ၄ ပါး ပါဝင်ခဲ့ရာ ဒေသခံပြည်သူများနှင့် သံဃာတော်စုစုပေါင်း ၂၉၄ ဦးတို့ကို အခမဲ့ဆေးဝါးကုသပေးနိုင်ခဲ့ပြီး ဆေးရုံတက်ရောက်ကုသရန်လိုအပ်သောလူနာများအား အမ်းမြို့ရှိ အမှတ်(၂)တပ်မတော်ဆေးရုံကုတင်(၃၀၀)သို့ တက်ရောက်ကုသနိုင်ရေးအတွက် လိုအပ်သောအခြေအနေများများကို ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ တပ်မတော်နယ်လှည့်ဆေးကုသရေးအဖွဲ့မှ အချိန်နှင့်တပြေးညီ ဆေးဝါးကုသပေးနိုင်ရေးအတွက် မအီမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ စီစဉ်ဆောင်ရွက်မှုဖြင့် ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများမှတဆင့် ဒေသခံပြည်သူများသို့ အသိပေးဆော်ဩခြင်းများကို ယမန်နေ့ကဆောင်ရွက်ထားရှိခဲ့ပြီး ဆေးကုသမည့်နေရာများတွင်လည်း မြို့အုပ်ချုပ်ရေးမှူး ဦးကျော်ပုနှင့် ဝန်ထမ်းများက လိုအပ်သည့်အကူအညီများကို ဖြည့်ဆည်းဆောင်ရွက် ပေးခဲ့ကြသည်။ ဒေသခံပြည်သူများနှင့် သံဃာတော်များသို့ အလားတူအခမဲ့ဆေးဝါးကုသပေးခြင်းများကို ဇန်နဝါရီ ၃၁ ရက်နေ့တွင်လည်း ဆက်လက်ကုသဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မောင်မောင်ဌေး(ပြန်/ဆက်)