မြောက်ဦး ဇန်နဝါရီ ၃၁
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့၌ ပွင့်လင်းရာသီသို့ရောက်ရှိလာပြီဖြစ်သဖြင့် မြို့ပေါ်ရပ်ကွက်များဖြစ်သော အလယ်ဈေးရပ်ကွက်နှင့် ညောင်ပင်ဈေးရပ်ကွက်အတွင်းရှိ နေအိမ်များသို့သွားရောက်ပြီး တစ်အိမ်တက်ဆင်းစစ်ဆေးခြင်းနှင့် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့် မီးဘေးလုံခြုံရေးရှိစေရေး အသိပညာပေးဆောင်ရွက်ခြင်းအား မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးလှဝင်း မီးသတ်တပ်ဖွဲ့ဝင်များ၊ သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများ ပူးပေါင်း၍ ယမန်နေ့နံနက် ၁၀ နာရီအချိန်က အဆိုပါရပ်ကွက်များသို့ရောက်၍ ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး၊ မီးဘေးလုံခြုံရေးအသိပညာပေးခြင်းကို တစ်အိမ်တက်ဆင်းစစ်ဆေးခြင်းနှင့် ဓာတ်ဆီဆိုင်များသို့ သွားရောက်စစ်ဆေးခြင်းတွင် မြို့နယ်မီးသတ်ဦးစီးမှူး ဦးလှဝင်း ဦးဆောင်၍ မီးသတ်တပ်ဖွဲ့ဝင်များနှင့် မြို့ပေါ်ရပ်ကွက်များအတွင်းရှိ ပြည်သူများအနေဖြင့် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး၊ မီးဘေးအန္တရာယ်မဖြစ်ပေါ်စေရေးနှင့် မီးလောင်မှုကြောင့် ပြည်သူများ၏အသက်၊ အိုးအိမ်စည်းစိမ်များ ဆုံးရှုံးမှုမရှိစေရေးတို့အတွက် မီးကိုစနစ်တကျအသုံးပြုတတ်စေရေး၊ မိမိတို့၏နေအိမ်များတွင် အသုံးပြုလျက်ရှိသော လျှပ်စစ်ဝါယာကြိုးများ ဟောင်းနွမ်းပျက်စီးယို့ယွင်းနေပါက အသစ်လဲလှယ်၍ ပြန်လည်တတ်ဆင်အသုံးပြုကြရန်နှင့် လျှပ်စစ်ဝါယာချော့ကြောင့် မီးလောင်မှုဖြစ်ပွားပါက မီးသတ်ဆေးဘူးအား စနစ်တကျကိုင်တွယ်အသုံးပြုတတ်စေရန်နှင့် ထင်း၊ မီးသွေးများဖြင့် ထမင်းဟင်းချက်ပြုတ်ပြီးတိုင်း မီးကြွင်းမီးကျန်များအား စနစ်တကျငြှိမ်းသတ်ထားရှိပြီး နေအိမ်များတွင် မီးသတ်ဆေးဘူး၊ မီးချိတ်၊ မီးကပ်၊ သဲအိတ်၊ ရေပုံးများ အသင့်ထားရှိရန်နှင့် ရုတ်တရက်မီးလောင်မှု /မီးလန့်မှုများ ဖြစ်ပေါ်လာပါက မြို့နယ်မီးသတ်ဦးစီးဌာနသို့ အချိန်နှင့်တစ်ပြေးညီ သတင်းပေးပို့ရန်လိုအပ်ကြောင်း စသည့်အသိပညာပေးခြင်းလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မြင့်စိုး၊ စိုးငြိမ်းနိုင်