ရသေ့တောင်မြို့၌ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပ

ရသေ့တောင် ဇန်နဝါရီ ၃၁

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ရသေ့တောင်မြို့၌ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန စသော ဌာနဆိုင်ရာများပူးပေါင်း၍ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ အသိပညာ ပေးဟောပြောပွဲကို ယမန်နေ့မွန်းလွဲ ၂ နာရီအချိန်က အ.ထ.က(၁)ကျောင်းဦးချောင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ အသိပညာပေးဟောပြောပွဲတွင် ရသေ့တောင်မြို့၊ မြို့နယ်ရဲတပ်ဖွဲ့မှ မြို့နယ်ရဲတပ်ဖွဲ့မှူးသက်နိုင်ဦးက မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာအကြောင်းအရာများနှင့်ပတ်သက်၍ ဟောပြောရာ၌ မြန်မာနိုင်ငံတွင် ကြုံတွေ့နေရသည့် မူးယစ်ဆေးဝါးပြသနာသည် အဓိကစိန်ခေါ်မှုတစ်ခုဖြစ်ကြောင်း၊ မူးယစ်ဆေးဝါးသုံးစွဲမှုကြိုတင်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများကို ထိရောက်စွာဆောင်ရွက်နိုင်မှသာ အနာဂတ်လူငယ်များ၏ ဘဝကောင်းမွန်မည်ဖြစ်ကြောင်း၊ နိုင်ငံတစ်နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် လူငယ်နှင့်ပညာရေးကဏ္ဍသည်အရေးကြီးကြောင်း၊ လူငယ်များအနေဖြင့် မူးယစ်ဆေးဝါးကို ရှောင်ရှားစေလိုကြောင်း၊ မူးယစ်ဆေးဝါးသုံးစွဲခြင်း၊ မူးယစ်ဆေးဝါးအဓိပ္ပါယ်၊ မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့် နောက်ဆက်တွဲပြဿနာများ၊ ကျန်းမာရေးဆိုးကျိုးများ၊ မိမိတို့မြို့နယ်အတွင်း မူးယစ်ဆေးဝါးအန္တရာယ်ကြိုတင်ကာကွယ်တားဆီးရေး ဆောင်ရွက်နေသည့်အခြေအနေများ၊ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာများကို ရှင်းလင်းပြောကြားပြီး မြို့နယ်ဥပဒေဆိုင်ရာအထောက်အကူပေးရေးအဖွဲ့ဥက္ကဋ္ဌ ဦးသာဇံမှ မူးယစ်ဆေးဝါးဆိုင်ရာဥပဒေများ၊ ပြစ်မှု၊ ပြစ်ဒဏ်များ၊ မူးယစ်ဆေးဝါးသုံးစွဲသူများအတွက် လူငယ်ပြုပြင်ပျိုးထောင်ရေးစခန်းများ ဖွင့်လှစ်ဆောင်ရွက်နေမှုအခြေအနေတို့ကို ရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ်ပြန်ဆက်ဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်တင်ဇာဦးမှ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးအကြောင်းများကို ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ သက်ဆိုင်ရာဌာနဆိုင်ရာများမှလည်း အသိပညာပေးဟောပြောခဲ့သည်။

အဆိုပါ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးဆိုင်ရာအသိပညာဟောပြောပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဒုတိယအုပ်ချုပ်ရေးမှူး ဦးကျော်လင်းအောင်နှင့် အဖွဲ့ဝင်များ၊ ဆရာ၊ ဆရာများနှင့် ကျောင်းသား/ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရှိရသည်။

ထွန်းလင်းကျော်