စစ်တွေ ဇန်နဝါရီ ၃၁
စစ်တွေခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် သူနာပြုနှင့်သားဖွားသင်တန်းကျောင်း(စစ်တွေ) တို့ပူးပေါင်းကျင်းပသည့် လူငယ်စကားဝိုင်းကို ယမန်နေ့မွန်းလွဲပိုင်းက သူနာပြုနှင့်သားဖွားသင်တန်းကျောင်း(စစ်တွေ) အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စစ်တွေခရိုင်ရုံးမှ ဒုတိယဦးစီးမှူး ဦးကျော်ဆန်းဝင်းက ဦးဆောင်ဆွေးနွေးသူအဖြစ်ပါဝင်ဆောင်ရွက်ပြီး သူနာပြုနှင့်သားဖွားသင်တန်းကျောင်း(စစ်တွေ)မှ ကျောင်းသား၊ ကျောင်းသူလေးများက စကားဝိုင်းဆွေးနွေးကြသည်။
လူငယ်စကားဝိုင်းတွင် သူနာပြုနှင့်သားဖွားသင်တန်းကျောင်း(စစ်တွေ)မှ တတိယနှစ်ကျောင်းသူ မယွန်းဝတီက လူငယ်နှင့်ကိုယ်ကျင့်တရား ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မမြတ်ငြိမ်းငြိမ်းမွန်က လူငယ်နှင့်ကျန်းမာရေး ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မောင်စိုးလင်းအောင်က လူငယ်နှင့် ပညာရေး ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မောင်အောင်ကျော်ကျော်က တန်ဖိုးရှိပြီး အောင်မြင်ပျှော်ရွှင်သော လူငယ်တစ်ယောက်ဖြစ်ဖို့ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဒုတိယနှစ်ကျောင်းသူ မနှင်းပွင့်လွှာက လူငယ်များအပေါ်ခြိမ်းခြောက်လာသော မူးယစ်အန္တာရာယ် ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မောင်နေမင်းအောင်က လူငယ်နှင့်လူငယ်ကျန်းမာရေးတွင် အားကစားအခန်းကဏ္ဍအရေးပါပုံ ခေါင်းစဉ်တို့ဖြင့်ဆွေးနွေးကြသည်။
အဆိုပါစကားဝိုင်းဆွေးနွေးပွဲသို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စစ်တွေခရိုင်ရုံးမှဝန်ထမ်းများ၊ သူနာပြုနှင့်သားဖွားသင်တန်းကျောင်း(စစ်တွေ) ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)