ကျောက်တော် ဇန်နဝါရီ ၂၉
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ကျောက်တော်မြို့နယ် စိုက်ပျိုးရေးသိပ္ပံ (ကျောက်တော်)သို့ Noble ကိုယ်ပိုင်အထက်တန်းကျောင်းမှ ကျောင်းသား/ကျောင်းသူများက ယမန်နေ့ နံနက် ၉ နာရီအချိန်က အဆိုပါကျောင်းသို့ လေ့လာရေးခရီး လာရောက်ခဲ့ကြောင်း သိရသည်။
ထိုသို့ လေ့လာရေးခရီး လာရောက်စဉ်တွင် စိုက်ပျိုးရေးသိပ္ပံ (ကျောက်တော်) ရတနာခမ်းမ၌ အဆိုပါကျောင်းမှ ဆရာ/ဆရာမများနှင့် Noble ကိုယ်ပိုင်အထက်တန်းကျောင်းမှ ဆရာ/ဆရာမများ အပြန်အလှန်မိတ်ဆက်ခဲ့ကြပြီး စိုက်ပျိုးရေးသိပ္ပံ (ကျောက်တော်) ကျောင်းအုပ်ဆရာကြီး ဦးခင်မောင်သန်းက စိုက်ပျိုးရေးသိပ္ပံ (ကျောက်တော်) ကျောင်းစတင်ဖြစ်ပေါ်လာပုံ အကျဉ်းအား ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ ကျောင်းအုပ်ဆရာကြီးမှ စိုက်ပျိုးရေးသိပ္ပံကျောင်းများ၏ ရည်ရွယ်ချက်များ၊ သင်တန်းကာလ၊ တည်နေရာ၊ သင်ကြားပေးသည့် ဘာသာရပ်များ ၊စိုက်ပျိုးရေးသိပ္ပံ (ကျောက်တော်)၏ ဝန်ထမ်းဖွဲ့စည်းပုံအင်အားနှင့် ကျောင်းသားအင်အား စာရင်းများ၊ စိုက်ပျိုးရေးဒီပလိုမာရရှိပြီး သူများစာရင်းနှင့် ၂၀၂၂-၂၀၂၃ ခုနှစ်တွင် ရှေ့ဆက်လက်ဆောင်ရွက်မည့် စိုက်ပျိုးရေး လုပ်ငန်းပုံစံအား အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့သည်။ ပြီးနောက် လေ့လာရေးလာ ရောက်ကြသည့် Noble ကိုယ်ပိုင်အထက်တန်းကျောင်းမှ ကျောင်းသား/ကျောင်းသူများက သိရှိလိုသည်များကို မေးမြန်းခဲ့ရာ တာဝန်ရှိသူများက ပြန်လည်ဆွေးနွေး ဖြေကြားပေးခဲ့သည်။
ထို့နောက်စိုက်ပျိုးရေးသိပ္ပံ (ကျောက်တော်) သို့ လေ့လာရေးခရီးလာရောက်ကြသော ကျောင်းသား/ကျောင်းသူများက အဆိုပါ ကျောင်းအတွင်း စမ်းသပ်စိုက်ပျိုးထားသော သရက်ပင်၊ နာနတ်ပင်၊ ကြက်မောက်ပင်၊ နဂါးမောက်ပင်၊ နှင်းဆီပင်၊ သင်္ဘောပင်၊ ပြောင်းဖူးပင်၊ ကျွဲကောသီးပင်နှင့် မွေးမြူရေးခြံများအား လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။
ခင်မောင်ထွန်း