မအီမြို့ အ.လ.က(ခွဲ) ပြင်ဝန်းတွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အာစရိယပူဇော်ပွဲ အခမ်းအနား ကျင်းပ

မအီ ဇန်နဝါရီ ၂၉

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့၊ အမှတ်(၄)ရပ်ကွက်၊ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ) ပြင်ဝန်းတွင် ၂၀၂၂- ၂၀၂၃ ပညာသင်နှစ်အတွက် ကျောင်းသားကျောင်းသူများ စုပေါင်း၍ အာစရိယ မြတ်ဆရာပူဇော်ပွဲ အခမ်းအနားကို ယနေ့ နေ့လယ်ပိုင်းက ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ပူဇော်ကန်တော့ပွဲ အခမ်းအနား ကျင်းပခြင်းနှင့် ပတ်သက်၍ တာဝန်ခံကျောင်းအုပ်ကြီး ဦးထွန်းထွန်းမင်းက " ဆရာ/ဆရာမတစ်ဦးချင်းစီကို ကန်တော့ငွေ မည်၍မည်မျှ သတ်မှတ်ကန်တော့ခြင်း မဟုတ်ဘဲ ကျောင်းသူကျောင်းသားများကိုယ်တိုင် သူတို့၏ စိတ်ဆန္ဒအလျောက် ကန်တော့လက်ဆောင်များ စီစဉ်၍ နည်းများမဟူ တက်ရောက်ကန်တော့ခဲ့ကြခြင်း ဖြစ်ပါကြောင်း၊ ဤသို့ အရိုးခံအတိုင်း လက်ဆယ်ဖြာထိပ်မှာ မိုး၍ ဖြူစင်စွာကန်တော့ခံရခြင်းအပေါ် များစွာပီတိဖြစ်ရပါကြောင်း " ပြောကြားသည်။

ဖော်ပြပါ အာစရိယပူဇော်ပွဲ အခမ်းအနားသို့ အဆိုပါကျောင်းမှ ကန်တော့ခံ ဆရာ/ဆရာမ (၁၆)ဦးနှင့် ကျောင်းသားကျောင်းသူ (၄၀၀) ဦးခန့် တို့က တက်ရောက်ပူဇော်ကန်တော့ခဲ့ကြကြောင်း သိရသည်။ ၎င်းကျောင်းသားများအနက် အ လ က(ခွဲ) ပြင်ဝန်းမှ Grade- 9 အောင်မြင်၍ မအီမြို့ အထက်တန်းကျောင်းတွင် ပညာဆက်လက်သင်ယူလျက်ရှိသည့် ကျောင်းသူကျောင်းသားများလည်း ပါဝင်ကြောင်း၊ အခမ်းအနားသို့ တက်ရောက်လာကြသည့် ကျောင်းသားကျောင်းသူအားလုံးကို အ.လ.က (ခွဲ) ပြင်ဝန်းကျောင်းမှ စေတနာတုန့်ပြန်သောအနေဖြင့် အာဟာရပြည့်ဝသည့် ကြက်သားဆန်ပြုတ်ဖြင့် တိုက်ကျွေးခဲ့ပါကြောင်းနှင့် ကျောင်းသူကျောင်းများ၏ စည်းလုံးညီညွတ်မှုဖြင့် နှစ်စဉ်ကျင်းပလာခဲ့သည့် အာစရိယ မြတ်ဆရာပူဇော်ပွဲကို အ.လ.က(ခွဲ) ပြင်ဝန်းကျောင်းအနေဖြင့် နောင်နှစ်များတွင်လည်း စဉ်လာမပျက် ကျင်းပဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း အဆိုပါ ကျောင်းအုပ်ကြီးမှ ထပ်မံပြောကြားခဲ့သည်။

မောင်မောင်ဌေး(ပြန်ဆက်)