မအီ ဇန်နဝါရီ ၂၉
ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့ ကျေးလက်ကျန်းမာရေးဌာနအနေဖြင့် အခြေခံပညာကျောင်းများတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေးနှင့် ကျောင်းသား၊ ကျောင်းသူများ ကျန်းမာပျော်ရွှင်စွာ ပညာသင်ယူနိုင်ရေး၊ ကာကွယ်ဆေးကို အကြိမ်ပြည့်ထိုးနှံစေရေးတို့အတွက် အသက် ၅ နှစ်မှ ၁၂ နှစ်အရွယ် ကျောင်းသူ၊ ကျောင်းသားများအား ကိုဗစ်- ၁၉ ရောဂါ ထပ်ဆောင်း(Booster dose) ကာကွယ်ဆေးများကို ထိုးနှံပေးလျက်ရှိရာ ယမန်နေ့က သဒွန်ကျေးရွာအုပ်စုတွင် ထိုးနှံပြီးသည်အထိ ကျောင်းသားကျောင်းသူ ၂၁၈၅ ဦးကို ထိုးနှံပြီးစီးပြီးဖြစ်ကြောင်း သိရသည်။
ထိုသို့ ထပ်ဆောင်းကာကွယ်ဆေး(Booster dose) ထိုးနှံပေးခြင်းများကို မအီမြို့၊ ကျေးလက်ကျန်းမာရေးဌာနမှ ကျန်းမာရေးမှူး ဦးလှဝင်း၏ စီစဉ်ကြီးကြပ်မှုဖြင့် ကျန်းမာရေး ဝန်ထမ်းများနှင့် ကွင်းဆင်းထိုးနှံဆောင်ရွက်ခဲ့ကြပြီး ယခုလ ၂၀ ရက်နေ့မှ ၂၇ ရက်နေ့အထိ တစ်ပတ်အတွင်း ထိုးနှံပြီးစီးမှုဦးရေဖြစ်သည်။ ဆေးထိုးစုရပ်များအနေဖြင့် မအီမြို့နယ်အတွင်းရှိ ဝေကျေးရွာ၊ အ ထ က(ခွဲ)စုရပ်တွင် ၈၆ ဦး၊ မအီမြို့၊ အထက်တန်းကျောင်းစုရပ်တွင် ၁၀၃၀ ဦး၊ လက်ပံကျေးရွာ၊ အထက်တန်းကျောင်း(ခွဲ)စုရပ်တွင် ၂၁၄ ဦး၊ ဂျီဖြစ်တောင်ကျေးရွာ အထက်တန်းကျောင်း(ခွဲ)စုရပ်တွင် ၆၄၄ ဦးနှင့် သဒွန်ကျေးရွာ မူလတန်း(လွန်) ကျောင်းစုရပ်တွင် ၂၁၁ ဦး၊ စုစုပေါင်း ၂၁၈၅ ဦးတို့အား ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်း (Booster dose) ကာကွယ်ဆေး ထိုးနှံပြီးစီးမှုကို တစ်ပတ်အတွင်း၌ ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါ ကျောင်းသားကျောင်းသူများမှာ အကြိမ်ပြည့် ထိုးနှံပြီးစီးမှုကာလ ၅ လပြည့်ပြီးသူများ ဖြစ်ပြီး မအီမြို့၊ ကျေးလက်ကျန်းမာရေးဌာနအနေဖြင့် ဤသို့ ထပ်ဆောင်းကာကွယ်ဆေး ထိုးနှံပေးခြင်းများအပြင် ပြည်သူတို့၏ အခြားကျန်းမာရေးစောင့်ရှောက်မှုများကိုလည်း ညွှန်ကြားချက်နှင့်အညီ အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း အဆိုပါ ကျန်းမာရေးမှူးက သိရသည်။
မောင်မောင်ဌေး(ပြန်/ဆက်)